ရွှေဘို ဆိပ်ခွန်ရွာအတွင်း စစ်အုပ်စု ဆက်လက်မွှေနှောက် ခိုးယူနေဆဲ၊ ခိုးယူထားသည့် ပစ္စည်းများကို ကားဖြင့် သယ်ထုတ်နေ၊
ဆိပ်ခွန်ရွာရှိ နေအိမ်တစ်လုံးကို လက်နက်ကိုင် အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးထားစဉ်/ Photo – CJ |
ဖေဖေါ်ဝါရီ - ၉
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာအတွင်းသို့ ယမန်နေ့ မနက်ပိုင်းမှ စတင်ကာ စီးနင်းဝင်ရောက်လာသည့် အကြမ်းဖက် စစ်အုပ်စုသည် ယနေ့ ညနေပိုင်းအထိ ကျေးရွာအတွင်း ဆက်လက်မွှေနှောက် ခိုးယူနေဆဲ ဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။
ယနေ့ ဖေဖေါ်ဝါရီ(၉)ရက် ညနေပိုင်းအထိ ဆိပ်ခွန်ကျေးရွာ အဝင်၊ အထွက်များကို စစ်အုပ်စုက ပိတ်ဆို့ ထားဆဲဖြစ်ကြောင်း၊ ဆိပ်ခွန်ရွာအတွင်းရှိ နေအိမ်များနှင့် စျေးဆိုင်များ ဖောက်ထွင်းခံရပြီး ဖြစ်သလို ဆက်လက်ဖောက်ထွင်း ခိုးယူခံနေရသည်ဟု ဆိုသည်။
လက်ရှိတွင် စစ်အုပ်စုက ဖောက်ထွင်းခိုးယူ ရရှိသည့် တန်ဘိုးကြီး ပစ္စည်းအချို့ကို လိုက်ထရပ်များဖြင့် သယ်ထုတ်နေသည်ကိုလည်း တွေ့ရသည်ဟု ဆိုသည်။
“ရွာထဲမှာ ခွေးတွေ ရှိနေပါသေးတယ်။ လောလောဆယ် မီးရှို့ခံရတာကတော့ အိမ်တစ်လုံးပါ။ ဖောက်ထွင်း ခံရတာတွေကတော့ အများကြီးပါ” ဟု ဒေသခံတစ်ဦးက MFP သို့ ပြောသည်။
ဆိပ်ခွန်သတင်းစုံ ၏ ဖော်ပြချက်အရ ဆိပ်ခွန်ရွာအတွင်းရှိ နေအိမ်နှင့် စျေးဆိုင်အများအပြား ဖောက်ထွင်းခံထားရပြီး ယနေ့ ညနေ(၅)နာရီခန့်တွင် ရွှေခွန်းသာ နှင့် ဦးသက် ဆိုင်မှ ချည်များကို စစ်အုပ်စုက လိုက်ထရပ်ကားဖြင့် သယ်ယူနေသည်ဟု ဆိုသည်။
လက်နက်ကိုင် အကြမ်းဖက်သမားများသည် ယမန်နေ့ ဖေဖေါ်ဝါရီ(၈)ရက် မနက်(၇)နာရီခန့်တွင် ဆိပ်ခွန်ရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ စီးနင်းဝင်ရောက်ခြင်း ဖြစ်သည်။ ထို့နောက် ကျေးရွာစာသင်ကျောင်းနှင့် ရွာအနောက်ဘက် ဆန်စက်ဝင်းများတွင် နေရာယူကာ ဒေသခံများကို ဖမ်းဆီးခြင်း၊ နေအိမ်နှင့် စျေးဆိုင်များကို မွှေနှောက်ဖောက်ထွင်း လုယက်ခြင်းများ လုပ်ဆောင်နေခြင်း ဖြစ်သည်။
ယမန်နေ့ ဖေဖေါ်ဝါရီ(၈)ရက် ညပိုင်းတွင် စစ်အုပ်စုက ဆိပ်ခွန်ရွာ မြောက်ဘက်ပိုင်းရှိ နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ယခုအချိန်အထိ ရွာအတွင်း ဆက်လက်မွှေနှောက် သောင်းကျန်းနေဆဲဟု ဆိုသည်။
ဆိပ်ခွန်ရွာ ဒေသခံများသည် အကြမ်းဖက် စစ်အုပ်စု ရန်ကြောင့် ထွက်ပြေးနေရပြီး ကျေးရွာအတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ဖမ်းဆီးခံရသူ အရေအတွက်ကို မသိရသေးဟု ဆိုသည်။
ဆိပ်ခွန်ရွာသည် ရွှေဘိုမြို့၏ အနောက်ဘက် (၁၀)မိုင်ခန့်အကွာတွင် တည်ရှိပြီး အဝတ်အထည်၊ ယက္ကန်းလုပ်ငန်း လုပ်ကိုင်ကာ အိမ်ခြေ ထောင်ချီရှိပြီး စည်ပင်ဖွံ့ဖြိုးသော ရွာကြီးဖြစ်သည်။
စစ်အုပ်စုသည် ရွှေဘိုနယ်အတွင်း ကျေးရွာများကို ဝင်စီးကာ လူသတ်၊ ပစ္စည်းလု၊ နေအိမ်မီးရှို့ခြင်းများ ထင်တိုင်းကျဲ ကျူးလွန်လျှက် ရှိသည်။ ရွှေဘိုနယ်ရှိ ပလိုင်း ခေါ် ပန်းလှိုင်ရွာကို အကြမ်းဖက် စစ်အုပ်စုက စီးနင်းသိမ်းပိုက်ပြီး အဆိုပါ ရွာအတွင်း ထင်တိုင်းကျဲ သောင်းကျန်းနေသဖြင့် ဒေသခံများ ထွက်ပြေးနေရသည်မှာ (၁၀)လနီးပါး ရှိပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။
Mandalay Free Press - MFP
No comments:
Post a Comment