စစ်အုပ်စုက ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် မြင်းမူ ပဒတ္ထိုင်းရွာနှင့် စစ်ကိုင်း ညောင်ပင်ဝန်းရွာမှ ဒေသခံပြည်သူများ/ Photo – CJ |
ဖေဖေါ်ဝါရီ - ၅
စစ်ကိုင်းတိုင်းအတွင်း ရွာစဉ်ပတ်မွှေ သောင်းကျန်းနေသော စစ်ကောင်စီသည် ယခု ဖေဖေါ်ဝါရီလ လေးရက်တာ အတွင်း တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိဘဲ မြို့နယ် ငါးမြို့နယ်မှ ဒေသခံပြည်သူ(၄၀)ခန့်ကို ဖမ်းဆီး သတ်ဖြတ် ခဲ့သည်။
စစ်အုပ်စုသည် အခု ဖေဖော်ဝါရီ(၁)ရက်မှ (၄)ရက်အတွင်း စစ်ကိုင်းတိုင်း မြင်းမူ၊ ဝက်လက်၊ စစ်ကိုင်း၊ ပုလဲနှင့် ကျွန်းလှမြို့နယ်များမှ အသက်မပြည့်သေးသော ကလေးသူငယ်များ အပါအဝင် ဒေသခံပြည်သူ (၄၀)ခန့်ကို ဖမ်းဆီးကာ မီးရှို့သတ်ဖြတ်သွားခြင်း ဖြစ်ကြောင်း အဆိုပါ သတ်ဖြတ်ခံရသူများနှင့် နီးစပ်သူများက ပြောသည်။
ဇန်နဝါရီ(၃၁)ရက်က မြင်းမူမြို့နယ် ပဒတ္ထိုင်းရွာကို လေကြောင်းမှပစ်ခတ်ကာ စီးနင်းဝင်ရောက်ခဲ့သည့် စစ်အုပ်စုသည် ဖေဖေါ်ဝါရီ(၃)ရက်အထိ အဆိုပါ ရွာအတွင်း အထိုင်ချကာ အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အပါအဝင် ဒေသခံ ပြည်သူ (၂၀)ကျော်ကို မီးရှို့သတ်ဖြတ်ခဲ့သည်ဟု မြင်းမူဒေသခံများက ဆိုသည်။
ထို့အပြင် ဝက်လက်မြို့နယ် သစ်ဆိမ့်ကျေးရွာသို့ ဇန်နဝါရီ(၂၉)ရက်တွင် စီးနင်းဝင်ရောက်သည့် စစ်အုပ်ုသည် ဖေဖေါ်ဝါရီ(၃)ရက်အထိ အဆိုပါ ရွာအတွင်း ထင်တိုင်းကျဲ မွှေနှောက်သောင်းကျန်း လုယက်ကာ ဓားစာခံအဖြစ် ဖမ်းဆီးထားသည့် ဒေသခံအမျိုးသား (၆)ဦးကို မီးရှို့သတ်ဖြတ်သွားသည်။
ထို့အပြင် ဖေဖေါ်ဝါရီ(၃)ရက်ကလည်း စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်ရွာမှ အသက်မပြည့်သေးသော ရှစ်တန်းကျောင်းသား အပါအဝင် ညီအကိုသုံးဦးနှင့် မြင်းမူမြို့နယ် မဓုရကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦး၊ စုစုပေါင်း လေးဦးကို စစ်အုပ်စုက လမ်းပြအဖြစ် ဖမ်းခေါ်ပြီးနောက် အဆိုပါ လေးဦးစလုံးကို သတ်ဖြတ်ထားခဲ့ပြန်သည်။
ဆက်လက်၍ ယမန်နေ့ ဖေဖေါ်ဝါရီ(၄)ရက်က ပုလဲမြို့နယ် မင်းတိုင်ပင်ရွာသို့ စကစများ ဝင်မွှေသောင်းကျန်းကာ ဒေသခံပြည်သူများ ပိုင်ဆိုင်သော ကျပ်သိန်းသောင်းချီ တန်ဘိုးရှိ ရွှေ၊ငွေ၊ပစ္စည်းများကို လုယက်ခိုးယူပြီးနောက် အဆိုပါ မင်းတိုင်ပင်ရွာသား သုံးဦးကို စစ်အုပ်စုက မီးရှို့သတ်ဖြတ်ခဲ့သည်။
တချိန်တည်းမှာပင် ဖေဖေါ်ဝါရီ(၃)ရက်က ကျွန်းလှမြို့နယ် အင်လှရွာသား လေးဦးကို စစ်အုပ်စုက ဖမ်းဆီးသွားပြီးနောက် ကျွဲတဲရွာအနီးတွင် သတ်ဖြတ်ကာ တစ်ကျင်းထဲတွင် မြေမြုပ်ထားခဲ့ကြောင်း ကျွန်းလှဒေသခံများက ပြောသည်။
စစ်ကောင်စီသည် စစ်ကိုင်းတိုင်းအတွင်း လက်နက်အားကိုးဖြင့် ထင်တိုင်းကျဲ သောင်းကျန်းကာ လူသတ်၊ ပစ္စည်းလု၊ နေအိမ်မီးရှို့ခြင်းများ လုပ်ဆောင်နေသည်။
အကြမ်းဖက် စစ်ကောင်စီသည် ယခုလအတွင်း ပုလဲမြို့နယ်အတွင်းရှိ မွေ့တုံရွာ၊ ပန်းရွာ၊ လှော်ကားရွာနှင့် ကိုင်းတွင်းရွာများကို စီးနင်းဝင်ရောက်၍ ထင်တိုင်းကျဲ ခိုးယူလုယက်ကာ နေအိမ်များကို မီးရှို့သဖြင့် အဆိုပါ ကျေးရွာလေးရွာမှ နေအိမ်များ ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျခဲ့သည်။ ထို့အပြင် ခင်ဦး၊ ဒီပဲယင်း၊ ကနီ၊ မင်းကင်းစသည့် မြို့နယ်များရှိ ကျေးရွာများကိုလည်း ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း စသည့် နည်းမျိုးစုံသုံး၍ အကြမ်းဖက် စီးနင်းဝင်ရောက်ကာ နေအိမ်မီးရှို့ခြင်း၊ လူသတ်ခြင်း၊ တန်ဘိုးကြီးပစ္စည်း ခိုးယူလုယက်ခြင်းများကို စစ်အုပ်စုက ထင်တိုင်းကျဲ ကျူးလွန်လျှက် ရှိသည်။
Mandalay Free Press - MFP
No comments:
Post a Comment