ဖေဖော်ဝါရီလ ၁၆ ရက်၊ ၂၀၂၂ ခုနှစ်။
ကချင်ပြည်နယ် ၊ ပူတာအိုမြို့နယ် ဖတ်မာကျေးရွာ၌ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် လီဆူ လင်မယားနှစ်ယောက်ကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့သည်ဟု ဒေသခံများထံမှ ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်တွင် သိရှိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက်ညပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KIA၊ PDF တို့ ဖတ်မာကျေးရွာနှင့် လုံရှာယန်ကျေးရွာကြားတွင်ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
" တိုက်ပွဲက လက်နက်ကြီးနဲ့ ည၈နာရီလောက်ပစ်သံစကြားရတာပါ။ လက်နက်ကြီး ၃၊၄ ချက်ကြားရပြီးမှ လက်ငယ်သံတွေကြားတာ "ဟု ဒေသခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။
နှစ်ဖက်အပြန်အလှန်ပစ်ခတ်သည့် ပစ်ခတ်သံများသည် နာရီဝက်ခန့်ကြာမြင့်ခဲ့ပြီးနောက်ပြန်ငြိမ်သွားခဲ့သော်လည်း တိုက်ပွဲအတွင်း၌ ကျေးရွာအတွင်းရှိ ပြည်သူတချို့မှာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။
" ရွာထဲက လင်မယား၂ယောက်ကတော့ ဆိုင်ကယ်နဲ့ ပြေးတာ ။ စစ်သားတွေက မပြေးဖို့ရပ်ဖို့ ပြောတာကို မရပ်ပေးလို့ နောက်ကနေ ပစ်သတ်လိုက်ကြတာ " ဟု ဒေသခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့်သေဆုံးသွားသည့် လင်မယားနှစ်ဦးမှာ လီဆူလူမျိုးများဖြစ်ပြီး အသက် ၂၀ ကျော်အရွယ်များသာရှိသေးကြောင်းနှင့် ဖတ်မာရွာတွင် လီဆူ လူမျိုးအများစုနေထိုင်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
ဖတ်မာရွာတွင် ဖေဖော်ဝါရီလ ပထမအပတ်တွင်းက တိုက်ပွဲဖြစ်ပွားပြီးနောက် အင်အား ၄၀ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းတပ်စွဲထားပြီး ကျေးရွာသားများ အဝင်အထွက်ကို စစ်ဆေးမှုများ ပြုလုပ်သည်ဟု သိရသည်။
" စစ်ရှောင်ကြတာကို KIA နဲ့ PDF ကို ထောက်ခံတယ်လို့ စစ်သားတွေက မြင်နေကြတာ။ ရွာအဝင်အထွက်တွေကို စစ်ဆေးတယ်။ အာ့ကြောင့်ရွာမှာ ကြိုတင်ပြီးတော့ စစ်မရှောင်ကြတဲ့သူတွေကပိုများတယ်။ ညီမတို့လည်း မရှောင်ကြရသေးဘူး။ အခြေအနေပိုဆိုးလာရင်တော့ ရှောင်ရမှာ။ အဓိက စိုးရိမ်တာက တိုက်ပွဲတွေ ပြင်းထန်လာရင် လေယာဥ်နဲ့ ဗုံးကြဲလာမှာကိုပဲ " ဟု ဒေသခံကျောင်းသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
ဖေဖော်ဝါရီလအစပိုင်းတွင် ပူတာအိုမြို့နယ်ရှိ ဆွမ်ပီယန်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို KIA၊PDF ပူးပေါင်းတပ်တို့မှ သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှုကြောင့် ပြည်သူများထိခိုက်မှုရှိခဲ့ပြီးဆွမ်ပီယန်ကျေးရွာအပါအဝင် အနီးရှိလုံရှာယန်၊ ဖတ်မာကျေးရွာမှ ဒေသခံပြည်သူများ ပူတာအိုမြို့ပေါ်နှင့် တောထဲဘက်သို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရသည်။
သံလွင်ခက် - Than Lwin Khet News
No comments:
Post a Comment