တိုက်ပွဲတွင်သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်း ၄၀ ကျော်ကို ပြန်လည်သယ်ထုတ်


ဖားကန့် - ဖေဖော်ဝါရီ ၈၊ ၂၀၂၂။ 

ဖားကန့်မြို့နယ်၊ မနော့မှော်နှင့် ကပ်မှော်ကျေးရွာအနီးဖြစ်ပွားခဲ့သော တိုက်ပွဲတွင် သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်၏ ရုပ်အလောင်းကို ယမန်နေ့ နေ့လယ်က စစ်ကောင်စီတပ်ဖွဲ့များ သယ်ထုတ်သွားကြောင်း သိရသည်။

လေးရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့သောနေရာမှ ရာထူးကြီးပိုင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းကို သယ်ထုတ်သွားပြီး တပ်သားများကို ထိုနေရာတွင်သာ မြေမြုပ်ခဲ့သည်ဟု ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“တပ်ရင်းမှူးတွေ ဗိုလ်ကြီးတွေကိုက ဖြစ်ပြီးတာနဲ့ ထုတ်သွားတယ်တဲ့ အခုက ကျန်တဲ့ အရာရှိ နည်းနည်းအရေးကြီးတဲ့သူတွေကိုက မနေ့က လာထုတ်သွားတာပေါ့၊ ကျန်တဲ့ စစ်သားတွေကိုတော့ မထုတ်ယူဘူး အဲ့မှာပဲ မြုပ်လိုက်တယ်ကြားတယ်။ ဘယ်ကို ထုတ်သွားလဲ မသိဘူး ကားလမ်းကို သယ်ထုတ်တာပဲ တွေ့တယ်တဲ့။” ဟု သူကပြောသည်။

ယမန်နေ့က ထုတ်ယူသွားသည့် ရုပ်အလောင်းများတွင် စစ်ကောင်စီ၏ ဗိုလ်ကြီးနှင့် ဗိုလ်များပါဝင်ပြီး ခ.လ.ရ ( ခြေလျင် တပ်ရင်း) ၁၁၁ မှ တပ်ရင်းမှူးလည်း ပါဝင်ကြောင်း သူကဆက်ပြောသည်။

ရုပ်အလောင်းများသယ်ထုတ်နေချိန် တပ်မ ၈၈ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲဖြစ်ပွားရာအနီးတစ်ဝိုက်ရှိ လမ်းများကို ပိတ်ဆို့ထားပြီး လမ်းသွားလမ်းလာ ဒေသခံပြည်သူများကိုလည်း ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားကြောင်း သိရသည်။ 

ကချင်လွတ်မြောက်ရေးတပ်(KIA)တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့ကြား ဖေဖော်ဝါရီလ ၃ ရက်နေ့မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာ အနီးရှိ ကျေးရွာ လေးရွာမှ ဒေသခံများမှာ လက်ရှိအချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်။ 

တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အသက် ၈၀ နှစ်အရွယ် သင်းထောက်အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး သုံးဦးမှာ ခြေထောက်နှင့် လက်တို့တွင် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဗုံးစထိမှန်ခဲ့သောကြောင့် ခြေထောက်ဖြတ်ခဲ့ရသည့် အသက် ၅၀ နှစ်ခန့်အရွယ်ရှိ အမျိုးသမီးတစ်ဦးလည်း ဖေဖော်ဝါရီလ ၆ ရက်နေ့က သေဆုံးခဲ့သည်။

ဖားကန့်မြို့နယ်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အားတိုးချဲ့မှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်ပြီး ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

ပုံ - ကွတ်ခိုင်မြိုနယ် ကာလိုင်ကျေးရွာအနီးတွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ကိုးကန့် (MNDAA) တို့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွင် သေဆုံးခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်၏ ပုံဖြစ်သည်။


The 74 Media 

တိုက်ပွဲတွင်သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်း ၄၀ ကျော်ကို ပြန်လည်သယ်ထုတ် တိုက်ပွဲတွင်သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်း ၄၀ ကျော်ကို ပြန်လည်သယ်ထုတ် Reviewed by THITHTOOLWIN on 20:44 Rating: 5

No comments:

Powered by Blogger.