ဖေဖေါ်ဝါရီ - ၆
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် လမ်း(၈၀)နှင့် (၁၉)လမ်းထောင့်ရှိ စကစ ကင်းတဲ ယနေ့ ညနေပိုင်းတွင် မိုင်းထု တိုက်ခိုက်ခံရကြောင်း ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။
ယနေ့ ဖေဖေါ်ဝါရီ(၆)ရက် ညနေ(၄)နာရီခွဲက အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ လမ်း(၈၀)နှင့် (၁၉)လမ်းထောင့် ကျုံးပလပ်ဖောင်းပေါ်ရှိ စကစများ၏ အစောင့်ကင်းတဲ မိုင်းထုခံရကာ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖြစ်စဉ်တွင် စကစများ ထိခိုက်ဒဏ်ရာရသူ မရှိဘဲ ကျုံးဘေး ဆိုင်ကယ်စီးသွားလာနေသူ အမျိုးသားတစ်ဦး လည်ပင်းတွင် မိုင်းစထိမှန် ဒဏ်ရာရပြီး အသက်အန္တရာယ် မစိုးရိမ်ရဟု စစ်ကောင်စီ ရဲအသိုင်းအဝိုင်းက ဆိုသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ MFP အနေဖြင့် အသေးစိတ် အခြေအနေများ မသိရသေးပါ။
ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်အုပ်စုက ကျုံးဘေးလမ်းမကြီးများကို ပိတ်ဆို့ကာ လမ်းသွားလမ်းလာများကို အော်ဟစ်ဆဲဆို စစ်ဆေးခဲ့ပြီး စက်ဘီးစီးနေသည့် အမျိုးသမီး အပါအဝင် ဒေသခံအချို့ကို ဖမ်းဆီးခဲ့သည်ဟု ဒေသခံများက ဆိုသည်။
စစ်အုပ်စုသည် ၄င်းတို့ကို ဆန့်ကျင်သူများကို ရဟန်း၊ ရှင်၊ လူ မရွေးဘဲ ဥပဒေမဲ့ ဖမ်းဆီး၊ သတ်ဖြတ်ကာ အကြမ်းဖက် ဖိနှိပ်လျှက် ရှိသလို မန္တလေးမြို့ပေါ်ရှိ စစ်ကောင်စီနှင့် ဆက်စပ်သူများလည်း ပစ်မှတ်ထား တိုက်ခိုက်ခံနေရသည်။
Mandalay Free Press - MFP
No comments:
Post a Comment