မွန်ပြည်နယ်မှာ စစ်ကောင်စီက ပြန်လွှတ်ပေးတဲ့ အကျဉ်းသားတွေထဲ နိုင်ငံရေးအကျဉ်းသား မပါဝင်

ဓါတ်ပုံအညွှန်း - ၂၀၁၉ ခုနှစ်က မော်လမြိုင်အချုပ်ထောင်ကနေ အကျဉ်းသားများပြန်လွှတ်ပေးခဲ့သည့်ပုံ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၄

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဆိုပြီး အကျဉ်းသား အယောက် ၇၀ ကို ပြန်လွှတ်ပေးခဲ့တာပါ။

ပြန်လွှတ်ပေးခဲ့တဲ့ အကျဉ်းသားတွေဟာ မွန်ပြည်နယ်အတွင်းက အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရသူတွေ ဖြစ်ပြီး အဲဒီထဲမှာတော့ အကျဉ်းသား ၆၅ ဦး အကျဉ်းသူ ၅ ဦး ပါဝင်ပါတယ်။

စစ်ကောင်စီက လွတ်ငြိမ်းချမ်းသွားခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တဲ့ အကျဉ်းသားတွေမှာတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပါဝင်ပြီးနောက် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က)နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား တစ်ယောက်မှ ပါဝင်တာ မရှိဘူးလို့ မွန်ပြည်နယ် အကျဉ်းဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့တဲ့ အကျဉ်းသားတွေမှာတော့ စစ်ပြေး၊ရဲပြေး၊ ခိုးမှု စတဲ့ အမှုအသီးသီးနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့သူတွေ အများစု ပါဝင်နေတာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီကတော့ နိုင်ငံအတွင်းက အကျဉ်းသား (၈၁၄) ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခဲ့သလို တရားစွဲဆိုထားဆဲ ဖြစ်တဲ့ AA အဖွဲ့ဝင် ၄၆ ဦးကိုလည်း အမှုပိတ်သိမ်းပြီး ပြန်လည် လွတ်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်တပ်အာဏာသိမ်း ပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ (၅၀၀)ကျော်ကို မတရား ဖမ်းဆီးခဲ့ပြီးနောက် အာဆီယံ ဖိအားကြောင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ (၂၀၀)ကျော်ကို လွတ်ပေးခဲ့ပြီး ကျန်ရှိတဲ့သူတွေကိုတော့ ပုဒ်မ အမျိုးမျိုးတက်ပြီး ဖမ်းဆီးအကျဉ်းချထားတာပါ။


သတင်း - သံလွင်တိုင်းမ်


မွန်ပြည်နယ်မှာ စစ်ကောင်စီက ပြန်လွှတ်ပေးတဲ့ အကျဉ်းသားတွေထဲ နိုင်ငံရေးအကျဉ်းသား မပါဝင် မွန်ပြည်နယ်မှာ စစ်ကောင်စီက ပြန်လွှတ်ပေးတဲ့ အကျဉ်းသားတွေထဲ နိုင်ငံရေးအကျဉ်းသား မပါဝင် Reviewed by THITHTOOLWIN on 20:08 Rating: 5

No comments:

Powered by Blogger.