ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာတွင် စစ်ကောင်စီတပ်များဝင်ရောက်လာမှုကြောင့် ရွာလုံးကျွတ်နီးပါး ထွက်ပြေးနေရ
February 2,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် နတ်ချောင်းကျေးရွာတွင် စစ်ကောင်စီတပ်သားများ ကျေးရွာအတွင်းသို့ ယနေ့ နေ့ နံနက်ပိုင်းမှစတင်ကာထပ်မံဝင်ရောက်လာသည့်အတွက် ကျေးရွာနေပြည်သူများ ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများမှ သိရသည်။
“ပြီးခဲ့တဲ့စစ်ပွဲတုန်းကလည်း တစ်ရွာလုံးပြေးကြတယ် အခုလည်းတစ်ရွာလုံးနီးပါးထွက်ပြေးနေကြပြီ တစ်ထောင်ကျော်ပါရှိပါတယ် ထွက်ပြေးနေတဲ့ပြည်သူတွေက အခုတစ်ခေါက်ဝင်လာတာ နေအိမ်မီးရှို့တာ တို့ သေနတ်ပစ်ဖောက်တာတို့တော့မရှိသေးပါဘူးခုထိတော့ သို့ပေမယ့်အရင်တစ်ခေါက်ဝင်လာတုန်းက နေအိမ်တွေမီးရှို့တယ် လူသတ်တယ် အဲ့လိုဆိုးဆိုးဝါးဝါးတွေဖြစ်ခဲ့တော့ပြည်သူတွေကကြောက်ပြီး ထွက်ပြေးကြတာ။” ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ယင်းအမျိုးသားကပြောသည်။
လက်ရှိ နတ်ချောင်းကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီတပ်သားများသည် ယခင်နတ်ချောင်းကျေးရွာအတွင်း ဝင်ရောက်ကာနေအိမ်မီးရှို့ဖျက်စီးခြင်း လူသတ်ခြင်းများမကြာခဏပြုလုပ်ခဲ့သည့်အတွက် ကြိုတင်ကာထွက်ပြေးနေကြရကြောင်း ၎င်းကဆက်ပြောသည်။
နတ်ချောင်းကျေးရွာအတွင်းတွင် စစ်ကောင်စီတပ်များ ဒီဇင်ဘာလမှစတင်ကာ ငါးကြိမ်ထက်မနည်းဝင်ရောက်ခဲ့ပြီး လူနေအိမ် ၃၇ လုံးမီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာနေပြည် ၂၀ ဦးထက်မနည်းသတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။
ယင်းကဲ့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော်လည်း ဒေသခံကျေးရွာနေပြည်သူများ ဇန်နဝါရီလမှစတင်ကာ ပြန်လည်နေထိုင်လာကြပြီး နေအိမ်များပြန်လည်တည်ဆောက်နေချိန်တွင် ထပ်မံထွက်ပြေး နေရခြင်းဖြစ်ကြောင်းသိရသည်။
“အရင်ကမီးရှို့ခံရတဲ့နေအိမ်တွေကို အစားထိုးဆောက်ပေးတာတောင်အကုန်မကုန်သေးဘူး ပြီးတော့ အရင်ကထွက်ပြေးသွားတဲ့ပြည်သူတွေတောင်အကုန်ပြန်မရောက်သေးဘူး တချို့ဆိုပြန်ရောက်တာ တောင်တစ်ပတ်မကြာသေးဘူး စစ်သားတွေပြန်ဝင်လာတော့ ထွက်ပြေးကြပြန်တာ။” ဟု ဒေသခံတစ်ဦး ကပြောသည်။
ယင်းထွက်ပြေးတိမ်းရှောင်နေရသည့် နတ်ချောင်းကျေးရွာနေပြည်သူ တစ်ထောင်ကျော်အတွက် နေရာထိုင်ခင်းအခက်အခဲဖြစ်နေပြီး စားသောက်ဖွယ်ရာများနှင့် သန့်ရှင်းသည့်သောက်သုံးရေများ လိုအပ်သည့်အပြင် တောတောင်များထဲ၌ ရာသီဉတုဒဏ်ခံနိုင်သည့်အဝတ်အထည်များလိုအပ်နေ ကြောင်းလည်းသိရသည်။
နတ်ချောင်းကျေးရွာတွင် အိမ်ခြေ နှစ်ရာနီးပါးရှိပြီး လူဦးရေ နှစ်ထောင်ကျော်မှီတင်းနေထိုင်နေကြောင်း သိရသည်။
စစ်ကိုင်းတိုင်းတွင် ဒေသခံကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့အကြား နေ့စဉ်တိုက်ပွားဖြစ်ပွားလျှက်ရှိနေဆဲဖြစ်သည်။
Kachin News Group
No comments:
Post a Comment