ဒလန်ဆိုသော စစ်ကိုင်းမြို့ တပ်မ(၃၃)မှ ဗိုလ်ကတော်တစ်ဦး ညောင်ပင်ဝန်းရွာ နေအိမ်သို့ ခေတ္တပြန်လာချိန် အသတ်ခံရ၊
စစ်ကိုင်းမြို့ ညောင်ပင်ဝန်းရွာက ရွှေအင်းဝ စားသောက်ဆိုင်/Photo – Foodaholic Myanmar |
ဖေဖေါ်ဝါရီ - ၂၁
စစ်ကိုင်းမြို့ ညောင်ပင်ဝန်းကျေးရွာ ရွှေအင်းဝ စားသောက်ဆိုင် ပိုင်ရှင် ဗိုလ်ကတော် မတင်မျိုးခိုင်ဆိုသူ ဒီကနေ့ နေ့လည်ပိုင်းမှာ ဆိုင်အတွင်းဝင်ပြီး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ပွဲချင်းပြီး သေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
အသတ်ခံရသူ မတင်မျိုးခိုင်ဟာ စစ်ကိုင်းမြို့ တပ်မ(၃၃)ထဲမှာ နေထိုင်သူဖြစ်ပြီး စစ်ကောင်စီ သတင်းပေးဒလန်ဖြစ်တဲ့အကြောင်း၊ ဒီကနေ့ ဖေဖေါ်ဝါရီ(၂၁)ရက် နေ့လည်(၁)နာရီဝန်းကျင်က ညောင်ပင်ဝန်းရွာက ရွှေအင်းဝစားသောက်ဆိုင်ကို ခေတ္တပြန်လာချိန် ဆိုင်ထဲဝင်ပြီး ပစ်သတ်ခံလိုက်ရတာလို့ MFP ရဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
“ဒီနေ့လည် ၁နာရီကျော်က ညောင်ပင်ဝန်းရွာက ရွှေအင်းဝ စားသောက်ဆိုင် ပိုင်ရှင် ဗိုလ်ကတော် တင်မိုးခိုင် သေနတ်နဲ့ ဝင်ပစ်ခံရတယ်။ သူက သူ့ယောကျင်္ားနဲ့ စစ်ကိုင်း တပ်မ(၃၃)ထဲနေတာ။ အိမ်ခဏအပြန် ဝင်ပစ်ခံရတာ။ ရင်ဘတ်မှာ နှစ်ချက်မှန်ပြီး ပွဲချင်းပြီးလို့ ကြားတယ်” လို့ စစ်ကိုင်းဒေသခံ တစ်ဦးက MFP ကို ပြောပါတယ်။
စစ်ကိုင်း - မုံရွာကားလမ်း၊ ညောင်ပင်ဝန်းရွာက ရွှေအင်းဝ စားသောက်ဆိုင်ဟာ စစ်ကားတွေ အမြဲတန်း ရပ်နားလေ့ရှိတဲ့ ဆိုင်ဖြစ်ပြီးတော့ အခု ပစ်သတ်ခံရသူ မတင်မိုးခိုင်ဟာလည်း စစ်ကောင်စီကို သတင်းပေးပြီး ဒေသတွင်းက တော်လှန်ရေး အင်အားစုတွေကို ဒုက္ခပေးနေသူ ဖြစ်တယ်လို့ ဆိုပါတယ်။
“ဟိုတလောက အသတ်ခံရတဲ့ ဒလန် ၁၂ မီး ထွန်းနိုင်နဲ့ သူတို့က တစ်ဖွဲ့ထဲတွေ။ ၁၂မီးပြီးတော့ သူ့ကို ပစ်မှတ်ထားတာနေမယ်။ ဆိုင်ထဲဝင်ပစ်သွားတာတဲ့”လို့ ဒေသခံ သတင်းရင်းမြစ်က ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ(၁၃)ရက်ကလည်း စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းကျေးရွာနေ စစ်ကောင်စီ သတင်းပေးဒလန်ဆိုသော ၁၂မီး ဦးထွန်းနိုင်ဆိုသူ လက်ဘက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်နေချိန် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါသေးတယ်။
စစ်ကောင်စီကလည်း မန္တလေး - မုံရွာ ကားလမ်းပေါ်က ညောင်ပင်ဝန်းကျေးရွာမှာ အထိုင်ချနေလေ့ရှိပြီး ဒေသတွင်းက PDF စခန်းတွေနဲ့ ဒေသခံတွေကို စီးနင်းဖမ်းဆီး သတ်ဖြတ်တာတွေ မကြာခဏ လုပ်ဆောင်လေ့ ရှိပါတယ်။ ပြီးခဲ့သည့် ရက်ပိုင်းကလည်း ညောင်ပင်ဝန်းကျေးရွာနေ (၈)တန်းကျောင်းသား တစ်ဦး အပါအဝင် ညီအကို သုံးဦးကို စစ်အုပ်စုက လမ်းပြအဖြစ် ဖမ်းခေါ်သွားပြီးနောက် သတ်ဖြတ်ခဲ့ပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment