ပူတာအို - ဖေဖော်ဝါရီ ၂၃ ၊ ၂၀၂၂ ။
ပူတာအိုမြို့၊ ဖတ်မာအုပ်စု၊ လုံဂါကောင်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်( KIA) နှင့် PDF ပူးပေါင်းတပ်တို့ကြား ယနေ့မွန်းလွဲ သုံးနာရီခန့်ကစတင်ပြီး တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
ဖတ်မာကျေးရွာမှ လုံရှာယာန်ကျေးရွာသို့ အင်အားဖြည့်ရန်လာသည့် စစ်ကောင်စီစစ်ကြောင်းကို KIA နှင့် PDF ပူးပေါင်းတပ်တို့က ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု ယုံကြည်ထိုက်သူ သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။
“လုံရှာယာန်ကိုလာတာ စစ်ကား သုံးစီးနဲ့ ခုထိ ပစ်နေတုန်းပဲ။” ဟုပြောသည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာရရှိသူ များနေသော်လည်း အတိအကျ မသိရှိသေးကြောင်း သူက ဆက်ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူများသည်ဟု ဆိုသော်လည်း The 74 Media မှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။
လုံဂါကောင်ကျေးရွာသည် လုံရှာယာန်ကျေးရွာနှင့် သုံးမိုင်ခန့် အကွာတွင်ရှိပြီး မြစ်ကြီးနား - ပူတာအိုလမ်းမပေါ်တွင် တည်ရှိသည်။
ပူတာအိုမြို့ ဆွမ်ပီယာန်ကျေးရွာအနီးရှိ ဆင်ကပ်တောင်တွင်လည်း ယမန်နေ့ စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လုံရှာယာန်ကျေးရွာနှင့် တန်ဂျာကျေးရွာကြားရှိ အင်ရူခချောင်းအနီးတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။
The 74 Media
No comments:
Post a Comment