ဖေဖေါ်ဝါရီ - ၁၉
စစ်ကောင်စီက ဥပဒေမဲ့ ဖမ်းဆီးထားပြီး ဖိနှိပ်နေသော အကျဉ်းထောင်အတွင်းရှိ ပြည်သူများအတွက် မန္တလေး ဗဟိုအကျဉ်းထောင် (အိုးဘို) တောင်ဘက်ပေါက်ရှိ စကစ ကင်းတဲကို ယနေ့ ညနေပိုင်းတွင် ဗုံးထုတိုက်ခိုက်ခဲ့ကြောင်း Guerilla Force of Mandalay – GFM က သတင်းထုတ်ပြန်သည်။
ယနေ့ ဖေဖေါ်ဝါရီ(၁၉)ရက် ညနေ(၄)နာရီခန့်က မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ အိုးဘိုထောင် တောင်ဘက်အပေါက်ရှိ စကစကင်းတဲကို Guerilla Force of Mandalay နှင့် Eagle Brother People’s Defence Force – MDY မဟာမိတ်ညီနောင် နှစ်ဖွဲ့ ပူးပေါင်းကာ ဗုံးထုတိုက်ခိုက်ခဲ့ဟု ဆိုသည်။
“ကျွန်တော်တို့ရဲ့ အဖိနှိပ်ခံနေရသော ရဲဘော်နင့် ပြည်သူများအား ကျွန်တော်တို့ မဟာမိတ်ညီကိုများမှ အိုးဘိုထောင် တောင်ဘက်ပေါက်တွင် တပ်ချထားသော ကင်းကို ဖောက်ခွဲခဲ့ကြောင်း မိဘပြည်သူများအား အသိပေးအပ်ပါသည်” ဟု Guerilla Force of Mandalay က ဖော်ပြသည်။
အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ စကစများ အထိအခိုက် ရှိ၊မရှိ အခြေအနေ မသိရသေးဟု ဆိုသည်။
ယင်းပေါက်ကွဲမှုနှင့် ပတ်သက်၍ MFP အနေဖြင့်လည်း အသေးစိတ် အခြေအနေများ မသိရသေးပါ။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ညနေ(၅)နာရီကျော်အထိ စစ်အုပ်စုက မန္တလေး အိုးဘိုထောင် အနီးဝန်းကျင်ရှိ မန္တလေး - မတ္တရာကားလမ်း၊ တိုင်းရင်းဆေးကျောင်းပေါက်နှင့် မြောက်ပြင် (၇၆) စည်သာလမ်းတလျှောက် လမ်းသွားလမ်းလာများကို ဆဲဆိုရမ်းကား စစ်ဆေးနေသည်ဟု ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။
စစ်အုပ်စုက ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီးခြင်း၊ သတ်ဖြတ် ဖိနှိပ်ခြင်းများ လုပ်ဆောင်နေသော်လည်း စစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှားမှုများ အားကောင်းနေဆဲ ဖြစ်ပြီး စစ်ကောင်စီနှင့် ဆက်စပ်သူများလည်း ပစ်မှတ်ထား တိုက်ခိုက်ခံနေရဆဲ ဖြစ်သည်။
ပြီးခဲ့သည့် လပိုင်းကလည်း အဆိုပါ မန္တလေး အိုးဘိုထောင် မြောက်ဘက်ဂိတ် ဗုံးထုတိုက်ခိုက် ခံခဲ့ရသေးသည်။
Mandalay Free Press - MFP
No comments:
Post a Comment