●မူကြိုကလေးများ၊ ဆရာဆရာမများနှင့်ကလေးမိဘများ ပြန်လွှတ်ရေးနိုင်ငံတကာကကူညီပေးရန်NUGမေတ္တာရပ်ခံ
ယင်းမာပင်နယ် ချင်းပုန်းရွာမှ မူကြိုကလေးငယ် ၈၀ ခန့်ကို အကြမ်းဖက်စစ်ကောင်စီတပ်ကဓားစာခံအဖြစ်ဆက်လက်ထိန်းသိမ်းထားကြောင်းယင်းမာပင်နယ်ခံအချို့ကပြောသည်။
အကြမ်းဖက်စစ်ကောင်စီသည် ဖေဖော်ဝါရီ ၂၆ ရက် မနက်ပိုင်းက စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ချင်းပုန်းရွာနှင့်အနီးတဝိုက် ကို ရဟတ်ယာဉ်ဖြင့် စီးနင်းတိုက်ခိုက်ခဲ့၍ ရွာသူရွာသားများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ စစ်ကောင်စီတပ်စီးနင်းချိန်တွင် မူကြိုကျောင်းဖွင့်ချိန်ဖြစ်၍ ကလေးငယ် ၈၀ ခန့်ပိတ်မိနေပြီး စစ်ကောင်စီတပ်က ကလေးငယ်များကို ထိန်းသိမ်းထားရာ ယနေ့ အထိ ပြန်လွှတ်မပေးသေးဟု ဒေသခံအချို့ကပြောသည်။
“သူတို့ကတော့ ကလေးတွေရဲ့မိဘတွေကို ကိုယ့်နေရာကိုယ် ပြန်နေပေးကြဖို့ ကိုယ့်အိမ်ကို ပြန်နေပေးဖို့ မိုက်နဲ့ သုံးခါလောက်အော်တယ်ပြောတယ်။အဘိုးကြီးတစ်ယောက်က သူ့မြေးကို ပိုက်ဆံနဲ့ ရွေးဆိုလည်း ရွေးမယ် ဆိုပြီး သူ့ကိုယ်သူ အသက်ခံရရင်လည်း အသက်ခံရပလေ့စေဆိုပြီး အရဲစွန့်ပြီး တော့ သွားတဲ့အခါကျတော့ ခင်ဗျား ဟိုနားမှာခဏထိုင်နေအုံးဆိုပြီး ထိန်းသိမ်းထားလိုက်တာပေါ့” ဟု ယင်းမာပင်ဒေသခံတစ်ဦးကပြောသည်။
ကလေးငယ်များကို ချင်းပုန်းရွာနှင့်ကပ်လျက်ရှိသော ညောင်ကိုင်းတိုက်နယ်ဆေးရုံ၌ ထိန်းသိမ်းထားသည်ဟု သိရကြောင်း ၎င်းက ဆက်ပြောသည်။ လက်ရှိ အခြေအနေတွင် ကလေးငယ်များ၏ ကျန်းမာရေး၊ စားဝတ်နေရေးနှင့် အသက်အန္တရာယ်လုံခြုံရေး တို့အတွက် မိဘများက များစွာ စိုးရိမ်ပူပန်နေကြသည်ဟု အထက်ပါဒေသခံကပြောသည်။
အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန တို့ကလည်း ယနေ့( ဖေဖော်ဝါရီ ၂၇) ညတွင် စစ်ကောင်စီ၏ လုပ်ရပ်အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သည်။
အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်များ ကျေးရွာများအတွင်းသို့ စီးနင်းခဲ့ချိန်သည် ချင်းပုံးရွာရှိ မူကြိုကျောင်းတွင် အသက်ငါးနှစ်အောက် ကလေးငယ် ၈၀ ဦးနှင့် ကွန်ပြူတာ သုံးစွဲမှု သင်ကြားနေသူ အသက် ၁၂ နှစ်အောက် ကလေးငယ်များ ပညာသင်ကြားနေချိန်ဖြစ်သည်။ အကြမ်းဖက်စစ်တပ်ဝင်ရောက်လာသည့်အတွက် ဆရာ၊ ဆရာမများက ကလေးငယ်များကို နီးစပ်ရာ ဘုန်းကြီးကျောင်းဝင်းရှိ မြေအောက်ခန်းတွင်းသို့ ရွှေ့ပြောင်းခဲ့ကြပါသည်။
အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့များက ညနေပိုင်းတွင် ထိုကလေးငယ်များကို မြေအောက်ခန်းမှ ထုတ်၍ ဖမ်းဆီးခဲ့သည်။ ထိုသို့ဖမ်းဆီးခံရမှုတွင် ပါဝင်သည့် ကလေးငယ်များကို မူကြိုကျောင်းမှ သွားရောက်ခေါ်ယူရန် ကြိုးပမ်းခဲ့သည့် မိဘတချို့ကိုလည်း အကြမ်းဖက်တပ်များက ထပ်မံဖမ်းဆီးခဲ့ပါသည်။ ရွာသားများ ပြန်မလာပါက ရွာကို မီးရှို့ပစ်မည်ဖြစ်ကြောင်း လော်စပီကာမှတဆင့် ကြေညာနေသည်ဟု သိရှိရသည်ဟု NUG ၏ဝန်ကြီးဌာန နှစ်ခုက ပူးတွဲထုတ်ပြန်ထားသည်။
ယခု ဖမ်းဆီးမှုသည် ကလေးများကို ဓားစာခံအဖြစ် ဖမ်းဆီးထားခြင်းသာ ဖြစ်သည်ဟု ယူဆကြောင်း၊ ဖမ်းဆီးခံထားရသော ကလေးများ၊ ဆရာဆရာမများနှင့် မိဘများ အပေါ် တစ်စုံတစ်ရာ ထိခိုက်နိုင်မည်ကို အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း ဖော်ပြထားသည်။
အကြမ်းဖက် စစ်အုပ်စုအနေဖြင့် ကလေးသူငယ်များ ဆရာဆရာမများနှင့် မိဘများကို ထပ်မံ၍ ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်စေမှု မပြုဘဲ ချက်ချင်းလွှတ်ပေးရန် ၊ နိုင်ငံတကာ အသိုင်းအဝိုင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် ကလေးသူငယ်များ လွတ်မြောက်ရေး ၊ ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုံခြုံရေး၊ ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ကုစားရေးအတွက် ပံ့ပိုးကူညီပေးကြရန် မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
People's Spring
No comments:
Post a Comment