စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးသွားသော ကင်းစံပြကျေးရွာ ဒေသခံအချို့သတ်ဖြတ်ခံရပြီး အချို့ပျောက်ဆုံးနေဆဲ


ကနီ - ဇန်နဝါရီ ၃ ၊ ၂၀၂၂။

စစ်ကောင်းတပ်စစ်ကြောင်းက လွန်ခဲ့သည့် လေးရက်က ဖမ်းဆီးသွားသော စစ်ကိုင်းတိုင်း၊ ကနီမြို့မှ ဒေသခံနှစ်ဦး သတ်ဖြတ်ခံရပြီး သုံးဦးမှာ လက်ရှိအချိန်ထိ သတင်းမရဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။

သတ်ဖြတ်ခံရသူများမှာ ဓားဖြင့်ခုတ်ကာ သတ်ဖြတ်ခံခဲ့ရပြီး အမျိုသားသုံးဦးပျောက်ဆုံးနေသည်ဟု ကနီအခြေစိုက်လွတ်လပ်ရေးတပ်မတော်(IA) မှ တာဝန်ရှိသူတစ်ဦးက The 74 Media ကို ပြောသည်။

“ကင်းစံပြရွာက ဒေသခံခုနှစ်ယောက်ကို စကစ(စစ်ကောင်စီ)ကနေပြီးတော့ ဖမ်းသွားတယ်။အဲ့ထဲကအမျိုးသမီးတစ်ယောက်လွတ်လာတယ်။ သုံးယောက်က သတင်းအစအနကို မရဘူး။ ပျောက်နေတယ်” ဟုပြောသည်။

ပျောက်ဆုံးနေသူများမှာ အသက် ၃၈ နှစ်အရွယ် ကိုမင်းမင်း၊ အသက် ၃၅ နှစ်အရွယ် ကိုကျော်သူမြင့်နှင့် အသက် ၅၃ နှစ်အရွယ်ရှိ ဦးမောင်မောင်ဝင်းတို့ ဖြစ်ပြီး ၎င်းတို့ကို မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရှိကြောင်း သူကပြောသည်။

၎င်းတို့ သုံးဦးနှင့်အတူ စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားသူများမှ အသက်၂၅ အရွယ် ကိုဆင်ပေါက် (ခ) ကိုချမ်းသာနှင့် အသက် ၅၁ နှစ်အရွယ် ဦးစန်းအောင်တို့၏ ရုပ်အလောင်းများကို ဇန်နဝါရီ တစ်ရက်နေ့က ချင်းတွင်းမြစ်ကြောင်း ကမ်းစပ်တစ်နေရာတွင် တွေ့ရှိခဲ့ကြောင်းသိရသည်။

ထို့အပြင် နောက်ထပ်တစ်ဦးဖြစ်သည့် အသက် ၃၆ နှစ်အရွယ် ကိုကျော်လင်းကိုမူ ခန္ဓာကိုယ်အနှံ့အပြားတွင် ဓားဒဏ်ရာများဖြင့် ချင်းတွင်းမြစ်အတွင်း မျောနေစဉ် ဒေသခံ PDF များက ကယ်တင်နိုင်ခဲ့သည်။

ဒေသခံများကို သတ်ဖြတ်ခဲ့သော စစ်ကောင်စီစစ်ကြောင်းသည် ကင်းစံပြကျေးရွာတွင် နှစ်ရက်ကြာ တပ်စွဲခဲ့ပြီးနောက် ဒေသခံပြည်သူများကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး နေအိမ်များကိုလည်း မီးရှိ့ဖျက်ဆီးခဲ့ကြောင်းသိရသည်။


The 74 Media 

စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးသွားသော ကင်းစံပြကျေးရွာ ဒေသခံအချို့သတ်ဖြတ်ခံရပြီး အချို့ပျောက်ဆုံးနေဆဲ စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးသွားသော ကင်းစံပြကျေးရွာ ဒေသခံအချို့သတ်ဖြတ်ခံရပြီး အချို့ပျောက်ဆုံးနေဆဲ Reviewed by THITHTOOLWIN on 19:48 Rating: 5

No comments:

Powered by Blogger.