ကန့်ဘလူနယ်အတွင်း ဝင်မွှေသောင်းကျန်းနေတဲ့ စကစ (ပုံဟောင်း)/Photo – CJ |
ဖေဖေါ်ဝါရီ - ၂၀
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပေလည်ရွာကို မနေ့ ဖေဖေါ်ဝါရီ(၁၉)ရက်မှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေ စီးနင်းဝင်ရောက်လာပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်သလို ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် ရွာသူရွာသား (၇)ဦးလောက် သေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
အိမ်ခြေ(၁၀၀)ဝန်းကျင်ရှိတဲ့ ပေလည်ရွာကို စစ်ကောင်စီနှင့် ပျူစောထီး အင်အား(၂၀၀)လောက်က အကြောင်းမဲ့ ဝင်ရောက်ပစ်ခတ်တာ ဖြစ်ပြီး ထွက်ပြေးလာသူတွေရဲ့ ပြောဆိုချက်အရ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်သတ်ခံရတာ၊၊ ဖမ်းဆီးသတ်ဖြတ် ခံရတာတွေကြောင့် ရွာသူရွာသား (၇)ဦး သေဆုံးတယ်လို့ ဆိုပါတယ်။
“မနေ့က လက်နက်ကြီး၊ လက်နက်ငယ့်တွေနဲ့ ပစ်လို့ သေကြတာ။ တချို့ကိုတော့ ဖမ်းပြီးတော့ သတ်တယ်လို့ ပြောတယ်။ PDF မဟုတ်ဘူး။ ရွာသူရွာသားတွေ။ အခုက တစ်ရွာလုံး အကုန်လုံး ပြေးနေရတာဆိုတော့ အတိအကျတော့ မသိရသေးဘူး။ ခုနှစ်ဦးလောက် သေတယ်လို့ ထွက်ပြေးလာတဲ့သူတွေက ပြောတာ” ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက MFP သို့ ပြောသည်။
မနေ့က စစ်အုပ်စု တိုက်ခိုက်ခံရတဲ့ ချပ်သင်းရွာ ဖြစ်စဉ်နဲ့လည်း မသက်ဆိုင်ဘဲ ချပ်သင်းရွာနဲ့ ပေလည်ရွာဟာ မိုင်(၄၀)လောက် ဝေးကြောင်း၊ ပေလည်ရွာ စီးနင်းသတ်ဖြတ်ခံရတာဟာ ရွာနားနီးချင်း ကြံ့ဖွံ့အမာခံ ပျူရွာတွေ သတင်းပေးချက်နဲ့ အုပ်စုဖွဲ့ စီးနင်းဝင်ရောက် အနိုင်ကျင့်ခံရတာလို့ ဒေသခံတွေက ဆိုပါတယ်။
“သေဆုံးသူ အရေအတွက်က ဒီထက် မများစေဖို့ပဲ ဆုတောင်းနေရတယ်။ အခုလည်း စခတွေက ရွာထဲမှာပဲ။ ထင်သလို မွှေနေမှာပေါ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကန့်ဘလူမြို့နယ် ပေလည်၊ သပြေသာ ၊မဲသည်၊ ဘိုကုန်းရွာတွေဘက်ကို မနေ့ ဖေဖဝါရီ(၁၉)ရက် မနက်အစောပိုင်းမှာ စကစနဲ့ ပျူတွေက စီးနင်းဝင်ရောက်ကြောင်း၊ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ လက်နက်ကြီး၊ လက်နက်ငယ်မတွေနှင့် ပစ်ခတ်ကာ အကြမ်းဖက် စီးနင်း ဝင်ရောက် မွှေနှောက်ပြီး ပေလည်ရွာဟာ အဓိကထား ဝင်မွှေခံရကာ ဒေသခံတွေ အသတ်ခံရတာလို့ ကန့်ဘလူဒေသ သတင်းတွေ ဖော်ပြနေတဲ့ Infinity Group က ဆိုပါတယ်။
ဒါ့အပြင် စကစနဲ့ ပျူတွေဟာ ပေလည်ရွာက ပြည်သူတွေ ပိုင်ဆိုင်တဲ့ အဖိုးတန်ပစ္စည်းတွေကိုလည်း ခိုးယူပြီး ထန်းကုန်းရွာဘက်နဲ့ ဇီးကုန်းရွာဘက်ကို သယ်ယူနေတယ်လို့ ဆိုပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment