မဲခေါင်၊ ဖေဖော်ဝါရီ ၃
ရှမ်းပြည်နယ်၏ မြို့တော်၊ တောင်ကြီးမြို့၌ ချိန်ကိုက်ဗုံး ၂လုံးဖောက်ခွဲပြီး လက်လုပ်မိုင်း ၇ လုံး ပစ်ထည့်ခဲ့ကြောင်း တောင်ကြီးပြောက်ကျားတပ်ဖွဲ့-TGF က ယနေ့ ထုတ်ပြန်ကြေညာထားသည်။
တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်တွင် ဇူလိုင်လ ၁၅ ရက်က စစ်ကောင်စီမှ ကားဖြင့်လိုက်တိုက်ပြီး ပစ်ခတ်ခဲ့သည့် အချိန်၌ ပြည်နယ်လျှပ်စစ်ရုံးအား လက်လုပ်မိုင်း ၂လုံးပစ်ထည့်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။
တောင်ကြီးမြို့၊ မြကန်သာအဝိုင်းပါတ်အနီးတွင်လည်း ဇန်နဝါရီလ ၁၃ ရက်က "ငါတို့ပြန်လာခဲ့မယ်"ဆိုသည့် စာတန်းအား စစ်ကောင်စီတပ်မှ လာရောက်ဖြုတ်သိမ်းရာ ယင်းစာတန်းနှင့် ချိတ်ဆက်ထားသည့် ဗုံးပေါက်ကွဲခဲ့ပြီး ယင်းဖြစ်စဉ်ကို TGF မှ ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
အလားတူ ကံကြီးရပ်ကွက်၊ ရထားသံလမ်းတွင် ဂိတ်အထိုင်ချစစ်ဆေးသည့် စစ်တပ်နှင့် ရဲပူးပေါင်းဂိတ်အား ဇန်နဝါရီလ ၃၁ရက်၊ ညပိုင်းအချိန်က ချိန်ကိုက်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထို့အပြင် ဖေဖော်ဝါရီလ ၁ရက်က Mytel ရုံးအတွင်းသို့ TGF နှင့် TPDF အဖွဲ့တို့ ပူးပေါင်းပြီး လက်လုပ်ဗုံး ၅ လုံးပစ်ထည့်ခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။
လက်ရှိအချိန်တွင် TGFနှင့် TPDF အဖွဲ့တို့ ပူးပေါင်းပြီး အာဏာသိမ်းစစ်တပ်ကို ရရာလက်နက်ဖြင့် တော်လှန်တိုက်ခိုက်နေသည့်အတွက် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီနှင့်ပါတ်သက်သည့် လုပ်ငန်းများ၊ ရုံးဌာနနေရာများတွင် သတိထားသွားလာကြရန်နှင့် CCTV များကို လမ်းမများဘက်သို့ မလှည့်ထားကြရန် တောင်ကြီးပြောက်ကျားတပ်ဖွဲ့မှ မေတ္တာရပ်ခံထားသည်။
MeKong News - မဲခေါင်သတင်း
No comments:
Post a Comment