တန့်ဆည် - ဖေဖော်ဝါရီ ၄၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ဖလံချိုင်ကျေးရွာမှ ဒလန်ဟုစွပ်စွဲခံရသူနှစ်ဦး ယနေ့နံနက် ၁၂ နာရီခွဲခန့်က အသတ်ခံရပြီး နေအိမ်မီးရှို့ဖျက်ဆီးခံရကြောင်း သိရသည်။
သတ်ဖြတ်ခံရသူနှစ်ဦးသည် ပြည်သူ့ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ထောက်ခံအားပေးသူနှင့် ဒလန်ဟုလူသိများသည့် ဦးအောင်ချို၏ဇနီးနှင့်သမီးတို့ဖြစ်ကြသည်ဟု ကျေးရွာနေပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။
“ဦးအောင်ချိုက စစ်တပ်ထဲသွားနေတာ။ စစ်သားတွေနောက်လိုက်သွားတာကြောင့် ဒလန်လို့သတ်မှတ်တာလေ။ ကြံ့ဖွတ်တွေ စည်းရုံးရေးဆင်းတဲ့အခါ အဲ့ကလေးမလေးနှစ်ယောက် သူ့သမီးနှစ်ယောက်က ခေါင်းဆောင်ပြီးထွက်တာ။ အသတ်ခံရတာ အောင်ချိုရဲ့ မိန်းမရယ်၊ သမီးအကြီးရယ်က တစ်ခါတည်း ပွဲချင်းပြီးပါတဲ့။ သမီးအငယ်ကတော့ ဆေးရုံတက်နေတယ်လို့ကြားတယ်” ဟုပြောသည်။
ယနေ့နံနက်အစောပိုင်းက ဦးအောင်ချိုသည် စစ်ကောင်စီတပ် လူအင်အား ၇၀ ဦးခန့်ခေါ်ဆောင်ပြီး ရွာသို့ဝင်ရောက်လာသောကြောင့် ဒေသခံပြည်သူများ ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သူကဆက်ပြောသည်။
တန့်ဆည်မြို့နယ် ဖလံချိုင်ကျေးရွာ သုဿန် အနောက်တွင် စက်တင်ဘာ ၄ ရက်က ရွာသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့သည်။
The 74 Media
No comments:
Post a Comment