ရခိုင်ပြည်တပ်မတော် ANC/AA အပါအဝင် မဟာမိတ် ၃ ဖွဲ့ ပူးပေါင်း၍ စစ်ကောင်စီလက်နက်ကြီး စခန်းအားသိမ်းပိုက်


ဖေဖော်ဝါရီ ၁၇ ရက်

ရခိုင်ပြည်တပ်မတော် ANC/AA၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNU/KNLA တပ်ရင်း ၂၇ တပ်ခွဲ ၂ နှင့် PDF တပ်ဖွဲ့များ ပူးပေါင်း၍ ‌ဖေဖော်ဝါရီ ၁၆ ရက် ညနေ ၄ နာရီကျော်အချိန်ခန့်တွင် ကရင်ပြည်၊ မြဝတီမြို့နယ်၊ ဖလူးကြီးကျေးရွာအပြင်ဖက် ကိုက် ၁၅၀၀ အကွာ၊ ဘုရားကုန်းရှိ အာဏာသိမ်းစစ်ကောင်စီတပ်နှင့် နယ်ခြားစောင့် (BGF) တပ်များစခန်းချထားသော ယာယီလက်နက်ကြီး ပစ်ကူစခန်းအား သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ  ၁၂၀ မမ စိန်ပြောင်း ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ RPG ၂ လက်၊ စက်လတ် ၁ လက်၊ လက်နက်ငယ် ၁ လက်၊ ဆက်သွယ်ရေးစက် ၁ လုံးအပါအဝင် ကျောပိုးအိတ်အလုံး ၂၀ ခန့်နှင့် အရာရှိအသုံးပြုသည့် ဖုန်းများအား သိမ်းဆည်းရမိပြီး ထိခိုက်ကျဆုံးသည့် စစ်ကောင်စီတပ်သားအများအပြားရှိသည်ဟု မျက်မြင်ဒေသခံများမှ သတင်းပေးပို့သည်ဟု ရခိုင်ပြည်တပ်အတော် ANC/AA က ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်တပ်မတော် ANC/AA၊ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးမင်းထွန်းက“စစ်တပ်က စခန်းတွေတိုးချလာတယ်။ စခန်းတစ်ဝိုက်မှာ နယ်မြေရှင်းလင်းမှုတွေ စစ်ဆင်ရေးတွေ လုပ်လာတယ်။ အဲ့ဒီမှာ ထိတွေ့ တိုက်ပွဲတွေဖြစ်လာတယ်။ အခုတစ်လောမှာတော့ ကြိုကြား ကြိုကြား ဖြစ်လာတယ်။ သူတို့ဖက် လက်နက်ကြီးနဲ့တစ်လျှောက်ပစ်လာတာတွေရှိတယ်။ ကျနော်တို့ သိမ်းလိုက်တာက သူတို့ရဲ့ ယာယီချထားတဲ့ လက်နက်ကြီးစခန်းတစ်ခုကိုသိမ်းလိုက်တာပါ”ဟု Western News ကိုပြောသည်။

ယင်းအပြင် စစ်ကောင်စီတပ်မှလက်နက်ကြီးများဖြင့်လည်းကောင်း၊ မွန်းလွဲ ၂ နာရီ ၄၃ မိနစ်မှ  ၅၁ မိနစ်အထိ လေယာဉ် (၂) စီးဖြင့်လည်းကောင်း ပစ်ကူပေးခဲ့ပြီး မြဝတီ BGF မှလည်း စစ်ကား ၁၂ စီးဖြင့် အင်အားဖြည့်တင်းလာသည့်အတွက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် စနစ်တကျခွာစစ်ဆင်၍ တိုက်ပွဲနေရာမှ အောင်မြင်စွာဆုတ်ခွါခဲ့ကြသည်ဟုလည်း ထုတ်ပြန်ချက်အရသိရသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှစတင်၍ဖလူးကျေးရွာနှင့် လေးကီးကော်မြို့နယ်အနီးတဝိုက်တွင်  တိုက်ပွဲများကြိုကြားကြိုကြားဖြစ်ပွားခဲ့ပြီး အင်အားတိုးချဲ့လာသော စစ်ကောင်စီတပ်များအား မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်း၍ ပြောက်ကျားနည်းဗျူဟာဖြင့် ဝိုင်းရံပိတ်ဆို့ပြီး တိုက်ခိုက်လျှက်ရှိသည်ဟုလည်း အဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။


Western News -WN


ရခိုင်ပြည်တပ်မတော် ANC/AA အပါအဝင် မဟာမိတ် ၃ ဖွဲ့ ပူးပေါင်း၍ စစ်ကောင်စီလက်နက်ကြီး စခန်းအားသိမ်းပိုက် ရခိုင်ပြည်တပ်မတော် ANC/AA အပါအဝင် မဟာမိတ် ၃ ဖွဲ့ ပူးပေါင်း၍ စစ်ကောင်စီလက်နက်ကြီး စခန်းအားသိမ်းပိုက် Reviewed by THITHTOOLWIN on 22:30 Rating: 5

No comments:

Powered by Blogger.