မောင်တောတွင် ၄ ရက်ဆက်တိုက်ပွဲ၌ စစ်ကောင်မှ ၇ ဦး AA မှ ၁ ဦးနှင့် အရပ်သား ၂ ဦး သေဆုံးခဲ့


ဖေဖော်ဝါရီ ၈ ရက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AAတို့  ဖေဖော်ဝါရီ ၄ ရက်မှ ဖေဖော်ဝါရီ ၇ ရက်နေ့အထိ ၄ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲများတွင် စစ်ကောင်မှ ၇ ဦး AA မှ ၁ ဦးနှင့် အရပ်သား ၂ ဦး သေဆုံးခဲ့သည်။

ဇန်နဝါရီလ ၄ ရက်နေ့မှစကာ မောင်တောမြို့နယ် မီးတိုက်ကျေးရွာအရှေ့မြောက်ဖက်ရှိ  ရက္ခိုင့်တပ်တော် AA၏ တပ်စခန်းတစ်ခုကကို မြန်မာစစ်တပ် ခမရ ၃၅၂မှ စစ်ကြောင်း (၁)မှ လက်ဦးမှု ယူ၍ ပစ်ခတ်ခဲ့၍ AA မှ ကင်းသမားတစ်ဦးကျဆုံးခဲ့သည်ဟု ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က Western News ကိုအတည်ပြုပြောဆိုသည်။

ယင်းပြင် ဖေဖော်ဝါရီ ၆ ရက်နေ့ကလည်း မီးတိုက်ကျေးရွာအရှေ့မြောက်ဖက်တွင် မြန်မာစစ်တပ်နှင့် AAတို့ နေ့လည် ၃ နာရီခန့်မှ ညနေ ၆ နာရီခန့်အထိ တိုက်ပွား ၂ ကြိမ်ထပ်မံဖြစ်ပွားခဲ့သည်ဟု ဒေသခံများက Western News ကိုပြောသည်။

အဆိုပါတိုက်ပွဲတွင်လည်း မြန်မာစစ်တပ်ဖက်က ထိုးစစ်ဆင်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ပြီး မြန် မာစစ်တပ်ဖက်က ထိခိုက်သေဆုံးမှု တစ်ချို့ရှိခဲ့သည်ဟု ရက္ခိုင့်တပ်တော်၏ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကပြောဆိုခဲ့သည်။

မောင်တောဖက်ကလာသည့် နှစ်ဖက်စစ်ဘက်ဆိုင်ရာ သတင်းများအရ အဆိုပါတိုက်ပွဲအတွင်း မြန်မာစစ်တပ်ဖက်က တပ်မတော်သား ၇ ဦးကျဆုံးခဲ့ပြီး သေဆုံးသူများကို စစ်ဘက်ဆိုင်ရာတပ်ရင်းသို့ ယူဆောင်သွားကြောင်းသိရသည်။

ယင်းတိုက်ပွဲအတွင်း လက်နက်ကြီးပါ ပစ်ခတ်မှုများရှိခဲ့သည့်အတွက် အနီးအနားကျေးရွာများမှ ဒေသခံများမှာ နီးစပ်သည့် လုံခြုံသည့်နေရာသို့ပြောင်းရွေ့ခဲ့ရသည်ဟု ဒေသခံများပြောပြချက်အရသိရသည်။

ထို့ပြင် ယမန်နေ့ဖော်ဝါရီ ၇ ရက်နေ့ကလည်း မောင်တောမြို့နယ် ဖားဝပ်ချောင်း ကျေးရွာအနီးရှိ ကွန်ကရစ်တံတားတွင် ည ၁၁ နာရီအချိန်ခန့်က စစ်ကောင်စီတပ်သားသယ်ဆောင်လာသည့် တယ်ဘာကားတစ်စီး မိုင်းဆွဲတိုက်ခတ် ခံရပြီး ကားပေါ်ပါလာသည့် ဒေသခံ ၂ ဦးသေဆုံးခဲ့ရသည်။

သေဆုံးသွားသည့် ဒေသခံ၂ ဦးမှာ ဖားဝပ်ကျေးရွာမှ အသက် ၅၀ နှစ်အရွယ်ကားပိုင်ရှင်ဒေါ်စောလှခင်နှင့် ငန်းချောင်း ကျေးရွာမှ အသက် ၂၅နှစ်အရွယ် မွတ်ဆလင်အမျိုးသားတစ်ဦးဖြစ်သည့် ကိုအေးကိုကိုတို့ဖြစ်သည်။ မိုင်းခွဲခံရပြီးနောက် အဆိုပါနေရာအနီးတွင် လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံများကြားရပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟုလည်း ဒေသခံများပြောပြချက်အရသိရသည်။

လက်ရှိတိုက်ပွဲများတဖန်ပြန်လည်ဖြစ်ပွားခြင်းမှာလည်း မြန်မာစစ်တပ်ဖက်က ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ပြီး တိုက်ပွဲများပိုမိုပြင်းထန်၊ မပြင်းထန်မည်မှာ မြန်မာစစ်တပ်၏ စစ်ရေးလှုပ်ရှားမှုအပေါ် မူတည်သည် ဟု ရက္ခိုင့်တပ်တော်ဖက်ကပြောဆိုထားသည်။

ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေမှုနှင့်ပတ်သက်၍ မြေပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက "ပထမတော့ နယ်မြေရှင်းလင်းတဲ့အခါ မတော်တဆမှားယွင်းပစ်ခတ်မှုဖြစ်တယ်လို့ထင်ခဲ့တယ်။ ခိုင်သုခဘက်ကရှင်းတော့ မြန်မာ့တပ်မတော်ဘက်က မှားတယ်၊ မှန်တယ် ပြန်ပြီးမဖြေမပေးခဲ့ဘူး။ တိုက်ပွဲက ၆ ရက်နေ့ ၇ ရက်နေ့ ဆက်တိုက်ဖြစ်လာတော့ ဒါဟာ ရည်ရွယ်ချက်ရှိရှိတိုက်တာလို့သုံးသပ်တယ်။ ဘာရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတဲ့ အခြေနေကိုမှန်းမရသေးဘူး။ အခု တိုက်ပွဲဖြစ်နေတာက ဘူးသီးတောင် မောင်တောဘက်ဖြစ်တယ်။ ဒါပေမယ့် UlA/AA နဲ့မြန်မာစစ်တပ်တို့ ရင်ဆိုင်ပြီးရှိတဲ့နေရာတွေကအများကြီးပဲ။ တိုက်ပွဲသာဖြစ်မယ်ဆိုရင် မြို့တိုင်းနီးပါးဖြစ်နိုင်တယ်။ အခုတော့ တစ်ခြားနေရာတွေမှာ ပိုနေမြဲကျားနေမြဲ။ ဒီတော့ တိုက်ပွဲဖြစ်ပွားမှုတွေကို အပေါ်ကညှိနှိုင်းမှုနဲ့ ဖြေရှင်းနိုင်မလား၊ ထိန်းနိုင်မလားဆိုတာကတစ်ချက်ပေါ့။ ညှိနှိုင်းမှုအဆင်မပြေရင်တော့ တိုက်ပွဲက ကျယ်ပြန့်လားမလားဆိုတာ စိတ်ဝင်စားစရာပေါ့" ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်AAတို့  ၂၀၂၀ခုနှစ် ရွေးကောက်ပွဲမတိုင်မီကတည်းကတိုက် ပွဲများ ၁နှစ်ကျော်ကြာရပ်တန့်ခဲ့ပြီး ယခုနှစ် ၂၀၂၂ခုနှစ်တွင် တိုက်ပွဲများထပ်မံဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၈ခုနှစ် ဒီဇင်ဘာလလယ်ခန့်မှစကာ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ ရခိုင်မြောက်ပိုင်းမြို့နယ်များဖြစ်သည့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ အမ်းနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင်တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သည်။

တိုက်ပွဲကာလအတွင်းတွင်လည်း မြန်မာစစ်တပ်ဖက် ကျေးရွာအတွင်း လက်နက်ကြီးများပစ်ခတ်ခြင်း၊ စစ်ကြောရေးအတွင်း ဖမ်းဆီးသတ်ဖြတ်ခဲ့မှုတို့အပါအဝင် တိုကိပွဲများကြားတွင် ဒေသခံပြည်သူ ၃၀၀ ကျော်သေဆုံးခဲ့ပြီး ၇၀၀ ကျော်ထိခိုက် ဒဏ်ရာရှိခဲ့သည်။

ရက္ခိုင့်တပ်တော်AAနှင့်ဆက်စပ်သည့် သံသယဖြင့် ဒေသခံများကို ဖမ်းဆီးကာ အကြမ်းဖက်ဥပဒေပုဒ်မများဖြင် တရားစွဲဆိုခဲ့သည့်အတွက် လက်ရှိအချိန်အထိ တရားရင်ဆိုင်နေရသူ ၁၀၀ ကျော်အထိရှိနေသေးသည်။ စစ်၏ ဆိုးကျိုးကြောင့် တိုက်ပွဲဖြစ်ပွားရာနေရာအနီးမှ ဒေသခံများမှာ လက်ရှိအချိန်ထိ စစ်ဘေးရှောင်စခန်းများတွင် ခုံလှုံနေကြဆဲဖြစ်သည်။


Western News 

မောင်တောတွင် ၄ ရက်ဆက်တိုက်ပွဲ၌ စစ်ကောင်မှ ၇ ဦး AA မှ ၁ ဦးနှင့် အရပ်သား ၂ ဦး သေဆုံးခဲ့ မောင်တောတွင် ၄ ရက်ဆက်တိုက်ပွဲ၌ စစ်ကောင်မှ ၇ ဦး AA မှ ၁ ဦးနှင့် အရပ်သား ၂ ဦး သေဆုံးခဲ့ Reviewed by THITHTOOLWIN on 20:01 Rating: 5

No comments:

Powered by Blogger.