စစ်တပ်ပိုင် ဂတ်စ်ပိုက်လိုင်းအား သထုံပြည်သူ့ပြောက်ကျား TPG နှင့် KNLA တို့မှ ဖောက်ခွဲ


ဇန်နဝါရီ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။ 

မွန်ပြည်နယ် သထုံမြို့နယ်အတွင်းရှိ စစ်တပ်ပိုင် ဂတ်စ်ပိုက်လိုင်းအား သထုံပြည်သူ့ပြောက်ကျား TPG နှင့် KNLA တပ်ဖွဲ့တို့မှ ဖောက်ခွဲခဲ့ကြောင်းဒေသခံများထံမှ သိရသည်။

ယနေ့ ဇန်နဝါရီလ ၂၀ ရက် နံနက်အစောပိုင်း ၂ နာရီကျော်တွင် သထုံမြို့နယ် ပေါ်တော်မူကျေးရွာ အနောက်ဖက်လယ်ကွင်းတစ်နေရာ၌ စစ်တပ်ပိုင် ဂတ်စ်ပိုက်လိုင်းပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိုပေါက်ကွဲမှုကြောင့်မီးများပြင်းထန်စွာလောင်ကျွမ်းခဲ့သည်ဟု သိရသည်။

''ပေါက်ကွဲသံက အိမ်တွေပါတုန်တာ။ မသိရင် လေယာဥ်နဲ့မိုင်းလာကျဲတယ်ထင်နေတာ။ မနက်စောစောဆိုတော့လေ။ ကိုယ်တွေလည်းဘယ်ပြေးလို့ပြေးရမှန်းမသိဘူး ။ ခဏကြာတော့အိမ်ပြင်ထွက်ကြည့်တော့မီးတောက်ကြီးကြီးတစ်ခုကိုတွေ့တာ '' ဟုဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဂတ်စ်ပိုက်လိုင်းပေါက်ကွဲမှုကြောင့် အနီးအနားရှိ နတ်ကျွန်းရွာနှင့် အခြားရွာက ပြည်သူများမှာ  ဂတ်စ်အနံ့အား မခံနိုင်သောကြောင့် ပြောင်းရွှေ့မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

''ဂတ်စ်အနံ့ကတော်တော်ဆိုးတာ ။ စစချင်းတော့နေနိုင်သေးတယ်။ ကြာလာတော့အသက်ရှူလို့မဝသလိုခံစားရတယ်။ အဲတာကြောင့်ကျွန်တော်တို့တွေညတွင်းကြီးနေရာပြောင်းလိုက်ရတယ် '' ဟုဒေသခံတစ်ဦးက သံလွင်ခက်ကိုပြောသည်။

ပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် နံနက်မိုးလင်းလာချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထိုပေါက်ကွဲမှုဖြစ်ပွားရာ အနီးရှိ လမ်းများကိုပိတ်၍ စစ်ဆေးမှုများပြုလုပ်ခဲ့သည်။

ထို့ပြင် လက်နက်များဖြင့်လည်းရမ်းသမ်းပစ်ခတ်မှုများလုပ်ဆောင်ခဲ့သောကြောင့်အရပ်သား အပြစ်မဲ့ ပြည်သူတစ်ဦးထိခိုက်သေဆုံးခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

ထိုဖောက်ခွဲမှုအား  သထုံပြည်သူ့ပြောက်ကျား TPG နှင့် KNLA ပူးပေါင်းတပ်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သထုံပြည်သူ့ပြောက်ကျား TPG တပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြု ပြောကြားသည်။

ပြီးခဲ့သော ဒီဇင်ဘာ ၁၄ ရက်တွင်လည်း သထုံပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ဂတ်စ်အိုးတင်ဆောင်လာသော စစ်ကောင်စီပိုင် ကားတစ်စီးကို ဖောက်ခွဲခဲ့သည်ဟု သိရသည်။

သထုံမြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်များက ဖောက်ခွဲဖျက်ဆီးခဲ့သည့် ဂတ်စ်ပိုက်လိုင်းသည် ထိုင်းနိုင်ငံသို့ ပေးပို့နေသော ပိုင်းလိုင်းတစ်ခုဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီအား အထောက်အပံ့ဖြစ်နေသောကြောင့် ဖောက်ခွဲရခြင်းဖြစ်ကြောင်း သိရသည်။


သံလွင်ခက် - Than Lwin Khet News

စစ်တပ်ပိုင် ဂတ်စ်ပိုက်လိုင်းအား သထုံပြည်သူ့ပြောက်ကျား TPG နှင့် KNLA တို့မှ ဖောက်ခွဲ စစ်တပ်ပိုင် ဂတ်စ်ပိုက်လိုင်းအား သထုံပြည်သူ့ပြောက်ကျား TPG နှင့် KNLA တို့မှ  ဖောက်ခွဲ Reviewed by THITHTOOLWIN on 19:15 Rating: 5

No comments:

Powered by Blogger.