ရွှေဘိုမှာ စစ်ကောင်စီနဲ့ PDF တိုက်ပွဲဖြစ်ပြီး စစ်သား ၁၅ ဦးသေဆုံး၊ ပြည်သူ နှစ်ဦးကို စစ်ကောင်စီက သေနတ်နဲ့ ပစ်သတ်
ရွှေဘို၊ ဇန်နဝါရီ ၂၅၊ ၂၀၂၂။
ရွှေဘိုမြို့နယ်အတွင်းမှာ ဇန်နဝါရီ ၂၄ ရက် မနေ့က မနက် ၈ နာရီခွဲက စစ်ကောင်စီနဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သီးလုံးရွာကထွက်လာတဲ့ အင်အား ၂၀၀ ကျော်ပါ စစ်ကောင်စီတပ်သားတွေကို ဇီးဖြူကုန်းရွာနဲ့ ရွာစိုးရွာအကြားမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကလက်နက်ကြီးတွေနဲ့ တောက်လျောက်ပစ်ခတ်ခဲ့တယ်လို့ SNAKE EYES-PDF (SHWEBO) ရဲ့ တာဝန်ခံက ပြောပါတယ်။
“ မနက် ၈ နာရီလောက်မှာ သူတို့ဘက်က လက်နက်ကြီးနဲ့အချက် ၃၀ ထက်မနည်း ထုခဲ့တယ်၊ ရွာအနားဝန်ကျင်မှာဖြစ်တော့ အဲ့ဒီနားပတ်ချာလည်မှာ PDF တွေရှိမယ်အထင်နဲ့ တောက်လျောက်ပစ်တာ၊ ကျနော်တို့ဘက်ကလည်း ပြန်ပစ်တယ်၊ “ လို့ PDF တာဝန်ခံက ပြောပါတယ်။
အပြန်အလှန်ပစ်ခတ်ချိန် ၁နာရီကြာမြင့်ခဲ့ပြီး၊ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက ရွာစိုးရွာထဲကို ဝင်ကာ စစ်မရှောင်နိုင်တဲ့သူတွေကိုဖမ်းပြီး အဲ့ဒီထဲကနှစ်ဦးကိုတော့ သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။
“ သူတို့က ရွာထဲကိုဝင်ပြီး မပြေးတဲ့သူတွေကို ဖမ်းတယ်၊ အမျိုးသားနှစ်ဦးအသတ်ခံလိုက်ရတယ်၊ အချိန်တော့အတိအကျမသိတော့ဘူး၊” လို့ SNAKE EYES-PDF (SHWEBO) ရဲ့ တာဝန်ခံက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို SNAKE EYES-PDF(SHWSEBO) ၊ C&T(SHWEBO) နဲ့ ပ.က.ဖအဖွဲ့အစည်းတို့က ပူးပေါင်းတိုက်ခိုက်တာဖြစ်ပြီး ညနေ ၅ နာရီလောက်မှာတော့ ရွာစိုးရွာကို စစ်တပ်က ရွာလုံးကျွတ်မီးရှို့ခဲ့တယ်လို့လည်း သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment