ပုလဲနယ်တွင် ပျူသင်တန်းပေးနေသော စကစများ အရက်တွင် အဆိပ်ခတ်ခံရသဖြင့် ငါးဦးသေ၊ညနေပိုင်းတွင် PDFများ၏ တိုက်ခိုက်ခံရကာ စကစနှင့်ပျူများ ထပ်သေပြီး စစ်အုပ်စုက လေကြောင်းပစ်ကူပေး၊
အင်းမထီးရွာတိုက်ပွဲအတွင်း ပိတ်မိနေေသာ စကစနှင့် ပျူများက ကျေးရွာနေအိမ်များကို မီးရှီု့နေစဉ်/ Photo – PE |
ဇန်နဝါရီ - ၃၁
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် အင်းမထီးရွာတွင် ပျူသင်တန်းပေးနေသော စကစများ အရက်တွင် အဆိပ်ခတ်ခံရကာ ငါးဦးသေကြောင်း ဒေသခံများက MFP သို့ ပြောသည်။
ယမန်နေ့ ဇန်နဝါရီ(၃၀)ရက်က အင်းမထီးရွာ၌ ပျူများကို စစ်သင်တန်းပေးနေသော စကစများ အဆိပ်ခပ်ထားသော အရက်သေစာများကို သောက်စားမိပြီးနောက် အဆိပ်သင့်ကာ သေခြင်း ဖြစ်သည်ဟု ဆိုသည်။
"ထန်းရေထဲဆိုလား၊ အရက်ထဲဆိုလား ဆေးမိသွားတာတဲ့။ ဘယ်သူကဘယ်လို ဝင်လုပ်သွားတာလဲတော့ မသိဘူး။ စစ်သား ငါးယောက် ပြုတ်တယ်တဲ့။ စစ်သားတွေက အဲ့ရွာမှာ ပျူသင်တန်းပေးနေတာ"ဟု ဒေသခံတစ်ဦးက MFP သို့ ပြောသည်။
ထိုသို့ စကစအချို့ အဆိပ်မိ သေနေချိန် ညနေပိုင်းတွင် အဆိုပါ အင်းမထီးရွာသို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စကစနှင့် ပျူအချို့ ထပ်မံသေဆုံးခဲ့ပြီး ရွာအတွင်း ပိတ်မိနေသော စကစနှင့်ပျူများကို စစ်အုပ်စုက လေကြောင်းပစ်ကူသုံးကာ ကယ်ဆယ်ခဲ့သည်ဟု ဆိုသည်။
“တိုက်ပွဲလည်းဖြစ်တယ်။ အဆိပ်မိပြီးတော့လည်း သေတယ်။ အရက်ထဲမှာ အဆိပ်မိပြီး သေဆုံးတာတော့ သေချာတယ်။ ဘယ်နှစ်ဦး သေလဲဆိုတာတော့ အတိအကျ မသိရဘူး” ဟု ဒေသခံတစ်ဦးက MFP သို့ ပြောသည်။
ယမန်နေ့ ဇန်နဝါရီ(၃၀)ရက် ညနေ(၅)နာရီခန့်က အဆိုပါ အင်မထီးကျေးရွာ၌ ယာယီစခန်းပြုလုပ်ကာ သင်တန်းပေးနေသော စကစနှင့် ပျူအုပ်စုကို ပုလဲမြေပြန့်ဒေသ ကာကွယ်ရေးအင်အားစု (PPDG)၊ People Revolution Army (PRA)၏ ခွဲ(၂၃)နှင့်(၂၈)၊ ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့နှင့် Pale Joker PDF ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စကစများ ရွာအတွင်း ပိတ်မိနေခဲ့ကြောင်း၊ အဆိုပါ စကစနှင့်ပျူများက ရွာခံပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ထွက်ပြေးရန် ကြိူးစားခဲ့ပြီး မုံရွာ န.မ.ခမှ ရဟတ်ယာဉ်ဖြင့် လေကြောင်းပစ်ကူပေးသဖြင့် စကစနှင့်ပျူများ လွတ်မြောက်သွားကြောင်း ဒေသကာကွယ်ရေး PDF တပ်များက သတင်းထုတ်ပြန်သည်။
အင်းမထီးရွာအတွင်း ဝင်ရောက်တိုက်ခိုက်မှုတွင် စကစနှင့်ပျူများ အသေအပျောက် ရှိနိုင်သော်လည်း အရေအတွက် အတိအကျ မသိရသေးကြောင်း၊ စစ်အုပ်စုက လေကြောင်း ပစ်ကူသုံးသော်လည်း PDF ရဲဘော်များ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း PDF တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။
ယမန်နေ့ ညနေပိုင်းက အင်းမထီးရွာအတွင်း တိုက်ပွဲဖြစ်ပြီးနောက် စစ်အုပ်စုက ရဟတ်ယာဉ်နှစ်စီးဖြင့် စကစ အင်အား(၅၀)ခန့် ထပ်တိုး ချသွားသည်ဟု ဒေသခံများက ပြောသည်။
အင်မထီးရွာသည် ပုလဲမြို့နယ် အနောက်တောင်ဘက်ပိုင်းတွင် တည်ရှိပြီး စကစနှင့် ပျူများ၏ ရန်ကြောင့် ဒေသခံအချို့မှာ ယခုလဆန်းပိုင်းကတည်း ထွက်ပြေးနေရသည်ဟု ဆိုသည်။
ပုလဲမြို့နယ်အတွင်းရှိ ပျူများကို သုတ်သင်ရှင်းလင်းတော့မည် ဖြစ်ကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်များက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထုတ်ပြန်ထားသည်။
Mandalay Free Press - MFP
No comments:
Post a Comment