စကစအနေဖြင့် လေကြောင်းပစ်ကူမပါပါက တပ်ရင်းတစ်ခုလုံးပြုတ်နိုင်ကြောင်း PDF များပြော နယ်မြေစိုးမိုးမှု စစ်ကိုင်းတိုင်းတွင် စကစ ကျဆုံးဟုဆို
ပုံစာ၊ စကစ၏ လေကြောင်းမှ ပစ်ခတ်သည့် ရဟတ်ယာဉ်တစ်စီး / ဓာတ်ပုံ - CJ |
ဇန်နဝါရီ - ၂
စစ်ကောင်စီအနေဖြင့် လေကြောင်းပစ်ကူ မပါပါက တပ်ရင်းတစ်ခုလုံး ပြတ်မည့် အနေအထားသို့ ရောက်ရှိနေကြောင်း စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသကာကွယ်ရေးအဖွဲ့ (PDF) များက ပြောဆိုကြသည်။
လက်ရှိ စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အချို့၏ တိုက်ပွဲများတွင် စစ်ကောင်စီက လေကြောင်းပစ်ကူ သုံးစွဲနေသည့်အပေါ်၌ MFP ၏ မေးမြန်းဆက်သွယ်ခဲ့သည့် ကာကွယ်ရေးအဖွဲ့များက ပြောဆိုခဲ့ခြင်း ဖြစ်သည်။
" လေယာဉ်မပါရင် ဒီကောင်တွေ မတိုက်တတ်တော့တာလည်း ပါတယ်။ နောက်တစ်ခုက သတင်းအချက်အလက် သူတို့မှာ မရဘူး။ နယ်မြေစိုးမိုးမှုမှာ စစ်ကိုင်းတိုင်းမှာ သူတို့ကျရှုံးသွားပြီပေါ့ " ဟု Pale Joker အဖွဲ့မှ ဗိုလ်ပုလဲက ပြောဆိုသည်။
တိုက်ပွဲများ ဖြစ်ပွားချိန် စကစအဖွဲ့ကို ဒေသကာကွယ်ရေးအဖွဲ့များက ဝိုင်းမိပြီး ထွက်ပေါက်ပိတ်လျှင် လေကြောင်းအကူအညီ ခေါ်ယူကြတော့ကြောင်း၊ စကစကို ပြည်သူပူးပေါင်းမှု မရှိသဖြင့် လက်နက်ကြီးအားကိုး၊ လေကြောင်းအားကိုးဖြင့်သာ တိုက်ခိုင်နေခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။
စစ်ကောင်စီအနေဖြင့် စစ်ကိုင်းတိုင်းအတွင်းမှ ကလေး၊ ကနီ၊ တန့်ဆည်၊ ဒီပဲယင်း၊ ပုလဲ၊ ကျွန်းလှ၊ ပင်လည်ဘူး စသည့် ဒေသများတွင် လေကြောင်း ပစ်ခတ်မှု အသုံးပြုကာ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံပြည်သူများအပေါ် အကြမ်းဖက်ဖိနှိပ်လျှက် ရှိနေသည်။
နိုဝင်ဘာ (၂၉) ရက်နေ့က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ညောင်လှရွာအား စကစက ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခဲ့ပြီး အရပ်သားနှစ်ဦး သေဆုံးခဲ့သည်။
အလားတူ ဒီဇင်ဘာ (၂၀) ရက်တွင် ရေဦးမြို့နယ် ရေမျက်ရွာကို လေကြောင်းဖြင့် ပစ်ခတ်ခဲ့ရာ အရပ်သားနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း (၁၀) ဦး သေဆုံးခဲ့သည်။
ဒီဇင်ဘာ (၂၁) ရက်နေ့တွင် တန့်ဆည် လိပ်ခြံရွာနှင့် ဒီဇင်ဘာ (၂၂) ရက်တွင် ကန်ဇွန်းအင်းရွာသို့စကစတပ်များက စစ်သုံးရဟတ်ယာဉ်များနှင့်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
" မနေ့က တိုက်ပွဲဆို မနက် (၁၁၉ နာရီက ပစ်တာ ညနေ (၅) နာရီထိပေါ့။ အဲဒီမှာ တပ်ရင်းတစ်ရင်းလုံးကို ကျွန်တော်တို့ကဝိုင်းမိတော့ ညနေ (၆) နာရီမှာ သူတို့ စစ်တပ် မုံရွာနမခကနေ MI35နဲ့ ဝင်ပစ်တာ၊ သူတို့တပ်တွေ လွတ်သွားတယ်။ အမှန်က ရွာရှေ့မှာလည်း ကျွန်တော်တို့လူတွေက ပိတ်ထားတာ။ အဲဒါကို ရဟတ်ယာဉ်နဲ့ နာရီဝက်လောက်ပတ်ပစ်တော့ လွတ်သွားတယ် " ဟု ဝက်လက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း MFP သို့ ပြောသည်။
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ဘုရားလေးကုန်းရွာတွင် ဒီဇင်ဘာ (၃၁) ရက်နှင့် ဇန်နဝါရီ (၁) ရက်နေ့တို့တွင် စကစတပ်များနှင့် နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် စကစတပ်ဘက်က (၄၂) ဦး သေဆုံးကာ ရဟတ်ယာဉ်နှင့် ပစ်ခတ်၍ ဇန်နဝါရီ (၁) ရက်၊ ညနေပိုင်းက ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့သည်။
Mandalay Free Press - MFP
No comments:
Post a Comment