ပုံအညွှန်း - ၂၀၂၀ ရွေးကောက်ပွဲအကြိုကာလပုံ |
မဲခေါင်၊ ဇန်နဝါရီ ၁၉
၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရသည့် NLD ပါတီမှ တာချီလိတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းစွမ်ကို PDF ခေါင်းဆောင်ဟု သတ်မှတ်ကာ အာဏာသိမ်းစစ်ကောင်စီက အသည်းအသန်ရှာဖွေနေကြောင်း ဇန်နဝါရီလ ၁၉ရက်က သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက တာချီလိတ်မြို့တွင် ၃ရက်ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မြို့မှ လူငယ်အများအပြားကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးကာ ယခုကဲ့သို့ လိုက်လံရှာဖွေနေခြင်း ဖြစ်ကြောင်း မြို့ခံတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောသည်။
“ဖမ်းခံရတဲ့ထဲမှာ သက်ပိုင်စိုးဆိုတဲ့ တယောက်က ဖော်မယ်ဆိုပြီး လျောက်ပြောတာ။ အဲဒါကို ခွေးတွေက အဟုတ်ထင်ပြီး လိုက်ဖမ်းနေတာ။ သူ(ဦးဝင်းစွမ်) အိမ်ကိုလည်း ချိတ်ပိတ်တယ်။ သူဝင်ထွက်သွားလာတတ်တဲ့ အိမ်တွေကိုလည်း ဘီရိုထဲမှာမကျန် မွှေနှောက်ရှာတယ်” ဟု ၎င်းက ပြောသည်။
ဦးဝင်းစွမ်၏ နေအိမ်ကို စစ်ကောင်စီက ဇန်နဝါရီလ ၁၃ရက်က ချိတ်ပိတ်ခဲ့ခြင်းဖြစ်ပြီး နေအိမ်အတွင်း၌လည်း မွှေနှောက်ဖျက်ဆီးသွားကြောင်း ဦးဝင်းစွမ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီသည် တာချီလိတ်မြို့တွင် ဦးဝင်စွမ်အပါအဝင် NLD လူငယ်အချို့ကို PDF ဟု အမည်တပ်ကာ လိုက်လံဖမ်းဆီးရန် ကြိုးစားနေသည်။
တာချီလိတ်မြို့တွင် ဖြစ်ပွားသည့် ၃ရက်ဆက်တိုက် ဗုံးကွဲမှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း TCL KKK SHN အဖွဲ့က ကြေညာထားသည်။
MeKong News - မဲခေါင်သတင်း
No comments:
Post a Comment