အင်းတော် နဘားတွင် စကစများကို အင်းတော် PDF နှင့် KIA ပူးပေါင်းတပ်က ဖြတ်တိုက်ရာ စကစ သုံးဦးထက်မနည်း သေ၊ကစများ ရမ်းကားပစ်ခတ်သဖြင့် ခရီးသွားကားသမားတစ်ဦး လက်နက်ကြီးထိမှန် သေဆုံး၊
ဇန်နဝါရီ - ၂၁
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် နဘားရွာအနီးတွင် ရထားလမ်းအတိုင်း ခြေလျှင် တက်လာသည့် စကစများကို အင်းတော် PDF နှင့် KIA ပူးပေါင်းတပ်များက ဖြတ်တိုက်ရာ စကစ သုံးဦး ထက်မနည်း သေကြောင်း အင်းတော် တော်လှန်ရေး အင်အားစု - IR က သတင်းထုတ်ပြန်သည်။
ယနေ့ ဇန်နဝါရီ(၂၁)ရက် မွန်းလွဲပိုင်းတွင် အင်းတော်နယ် ကျေးရွာများသို့ မွှေနှောက်လုယက်ပြီးနောက် နဘားရွာဘက်မှ ပင်ဝယ်ရွာဘက်သို့ ရထားလမ်းအတိုင်း တက်လာသည့် စကစ အင်အား(၃၀)ခန့်ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“KIA+ I.PDF ပူးပေါင်းတပ်ဖွဲ့များမှ ပင်ဝယ်ရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စကစ သုံးဦး ထက်မနည်း အသေအပျောက် ရှိပြီး ထိခိုက်ဒဏ်ရာများ ရှိကြောင်းလည်း သိရပါတယ်။ မိမိတို့ ကာကွယ်ရေးတပ်ဖွဲ့များမှ အထိအခိုက် မရှိဘဲ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု အင်းတော် တော်လှန်ရေး အင်အားစု - IR က ဖော်ပြသည်။
အဆိုပါ ထိတွေ့တိုက်ပွဲဖြစ်စဉ်တွင် စကစများက ရမ်းကားပစ်ခတ်သဖြင့် ယင်းနေရာသို့ ရောက်ရှိလာသော ခရီးသွားကားသမားတစ်ဦး လက်နက်ကြီးထိမှန်ကာ သေဆုံးခဲ့ကြောင်းလည်း IR အဖွဲ့က ဆိုသည်။
"တိုက်ပွဲဖြစ်နေစဉ်အတွင်း ရောက်ရှိလာသော ကားသမား ပြည်သူတစ်ဦး စခဘက်မှ ရမ်းပစ်သော လက်နက်ကြီးကြောင့် သေဆုံးသွားကြောင်းလည်း သိရပါတယ်" ဟု IR က ဆိုသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ MFP အနေဖြင့် အသေးစိတ်အခြေအနေများ မသိရသေးပါ။
အင်းတော်မြို့နယ် အပါအဝင် စစ်ကိုင်းတိုင်း အထက်ပိုင်း ကသာခရိုင်အတွင်း ထိုးစစ်ဆင်လာသည့် စကစများကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် KIA ပူးပေါင်းအဖွဲ့များက ခုခံတိုက်ခိုက်လျှက်ရှိပြီး မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလျှက် ရှိသည်။
လက်ရှိတွင် စစ်ကောင်စီက အဆိုပါ စစ်ကိုင်းနှင့် ကချင်ပြည်နယ်အစပ် မြို့ရွာများသို့ တိုက်လေယာဉ်၊ ရဟတ်ယာဉ်များ အသုံးပြုကာ ပစ်ခတ်တိုက်ခိုက် ဗုံးကျဲလျှက်ရှိသည်။
Mandalay Free Press - MFP
No comments:
Post a Comment