ဓာတ်ပုံ-ကျွန်းလှတွင် စစ်ကောင်စီတပ်သားများ နှစ်သစ်ကူးညက ဖျက်ဆီးခဲ့သည့် နေရာများ |
ကျွန်းလှ၊ ဇန်နဝါရီ ၂
စစ်ကိုင်းတိုင်း ကျွန်းလှမြို့တွင် ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးည၌ အကြမ်းဖက်စစ်ကောင်စီတပ်များက NLD အမာခံ ထောက်ခံသူများ၏ နေအိမ်၊ ဆိုင်အချို့ကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက လူငယ့်ခေတ်သို့ ယနေ့ပြောသည်။
“NLDအမာခံ ကိုမိုးသီးရဲ့အိမ်ဆိုရင် အိမ်သားတစ်ယောက်မှ မရှိဘူး။ ရှောင်တိမ်းနေရတာ။ သူ့အိမ်လည်း မီးရှို့ခံလိုက်ရတယ်။” ဟု ကျွန်းလှမြို့ခံက ရှင်းပြသည်။
ဆက်လက်၍ ၎င်းက “ပြီးတော့ စာရေးကိရိယာဆိုင် ဆိုတာလည်း ပိုင်ရှင်မိသားစုက ၅၀၅ ထုတ်ခံထားရလို့ ရှောင်တိမ်းနေရတာ။ ဖွင့်ထားတာမဟုတ်ဘူး။ အဲဒါကြောင့် မီးမရှို့ဘဲ ဖျက်ဆီးသွားကြတယ်။ NLD အမာခံထောက်ခံတဲ့သူအိမ်တွေကြီး ရွေးလုပ်တာ”ဟု ပြောသည်။
အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် အော်ဟစ်ဆဲဆိူခြင်း၊ သောင်းကျန်းခြင်းနှင့် နေအိမ်၊ ဆိုင်တို့ကို ဖျက်ဆီးကာ မီးရှို့ခံရပြီးနောက် ဈေးဆိုင်များမှာ ပိတ်ထားကြရကြောင်း သိရသည်။
“တစ်မြို့လုံး နေရာအနှံ့အော်ဆဲပြီး သေနတ်တွေနဲ့ အချက်ပေါင်းမြောက်များစွာ ပစ်တယ်။ အထည်ဆိုင်က အဝတ်တွေကိုမီးရှို့တယ်။ ရွှေဆိုင်တစ်ဆိုင်ကိုလည်း ဖျက်ဆီးသွားသေးတယ်။ အရိပ်စစ်ဆိုတဲ့ လက်ဖက်ရည်ဆိုင်ကိုလည်း မီးရှို့သွားတယ်”ဟု ဒေသခံတစ်ဦးက ဆက်လက်ပြောပြသည်။
အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းကြောင့် ကျွန်းလှမြို့ရှိ ပြည်သူအချို့သည် ဈေးဆိုင်များက ပစ္စည်းများကို နေအိမ်သို့ ပြန်လည်ပြောင်းရွေ့နေကြပြီး၊ အချို့က အိမ်အပြင်ထွက်ခြင်းကို ရှောင်ရှားနေကြကြောင်း သိရသည်။
“အရင်ကတည်းက ညဘက်တွေမှာ ပျူတွေနဲ့ စစ်တပ်၊ ရဲတွေက အချို့နေရာတွေမှာ သေနတ် ဆယ်ချက်လောက်ဖောက်တာမျိုးရှိခဲ့ပေမယ့် အခုလို ဆိုးဆိုးရွားရွား မရှိခဲ့ဘူး။ အခုနောက်ပိုင်း ညဘက်တွေမှာ တချို့အိမ်တွေကို ဝင်ဖမ်းတာမျိုးတွေ ရှိလာတယ်။ အားလုံး စိုးရိမ်စိတ်တွေနဲ့ နေနေရတယ်”ဟု ကျွန်းလှမြို့နယ်နေ သူတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်သည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်းက ကျွန်းလှမြို့နယ်ရှိ ကျေးရွာအချို့သို့ ဝင်ရောက် ဖမ်းဆီးခြင်း၊ လက်နက်ကြီးများဖြင့် လည်းကောင်း၊ လေကြောင်းဖြင့်ပါ ပစ်ခတ်မှုများ ရှိခဲ့သဖြင့် လူဦးရေ ထောင်ချီ နေရပ်စွန့်ခွါ တိမ်းရှောင်ခဲ့ရသည်။
Lu Nge Khit
No comments:
Post a Comment