မြစ်ကြီးနားရှိ မီးရထား CDM ဝန်ထမ်းများကို နေအိမ်မှ ဖယ်ရှားပေးရန် ဖိအားပေးနေသောကြောင့် နေရာထိုင်ခင်း အခက်အခဲဖြစ်နေ


မြစ်ကြီးနား - ဇန်နဝါရီ ၁၉ ၊ ၂၀၂၂။

မြစ်ကြီးနားမြို့ရှိ မြန်မာ့မီးရထား စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာနမှ CDM ဝန်ထမ်း များကို ၇ ရက်အတွင်း ဝန်ထမ်းအိမ်ယာမှ ဖယ်ရှားပေးရန် စာထုတ်ပြန်ခဲ့သောကြောင့် CDM ဝန်ထမ်းများ ပြောင်းရွှေ့ရန် နေအိမ်အခက်အခဲကြုံနေရကြောင်း သိရသည်။

တစ်ပါတ်အတွင်းဖယ်ပေးရမည်ဖြစ်သော်လည်း အိမ်ခန်းငှားရမ်းနိုင်ရန် ကြိုတင်ငွေပေးရသောကြောင့် ငွေကြေးအခက်အခဲရှိနေသည်ဟု အမည်မဖော်လိုသူ CDM ဝန်ထမ်းတစ်ဦးက The 74 Media ကိုပြောသည်။

“တစ်ချို့ကတော့ အိမ်ငှားရှာနေကြတုန်း တစ်ချို့လည်း ပြောင်းကုန်ကြပြီ။ ၇ရက်အတွင်းဖယ်ဆိုတော့ ကြံဖန်နေကြတာပေါ့။ အိမ်ခန်းခ တွေကလည်း လေး၊ ငါးလစာ ကြိုတောင်းကြတယ်။ ဈေးသက်သာတဲ့ အိမ်ခန်းလေးတွေ ရှာနေကြတာပဲ ငွေကြေးကြပ်တည်း နေကြတော့ တစ်ချို့ကလည်း ခက်ခဲနေကြတယ်။" ဟုသူကပြောသည်။

ပြည်သူရွေးကောက်တင်မြောက်သော အစိုးရ မတက်သ၍ CDM လုပ်နေမည်ဖြစ်ပြီး စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်မည်မဟုတ်ကြောင်း အဆိုပါဝန်ထမ်းက ပြောသည်။

ကျပန်းလုပ်ငန်းများလုပ်ဆောင်ကာ စားဝတ်နေရေး‌ဖြေရှင်းနေရသော်လည်း အဆုံးထိ CDM လုပ်ဆောင်မည်ဖြစ်ကြောင်းအမည်မဖော်လိုသည့် အခြား CDM ဝန်ထမ်းတစ်ဦးကပြောသည်။

“ခက်တော့ ခက်ခဲတယ်။ တစ်ချို့ကလည်း မိသားစုတွေနဲ့ တစ်ချို့ကျတော့လည်း အိမ်ငှားနေရတာတို့ရှိတယ်။ ပန်းရံခေါ်လည်း ပန်းရံလိုက်လုပ်ရတာပေါ့။ သစ်ခွဲတာတို့ ခေါ်ရင် သွားလုပ်ရတာပေါ့။ တစ်ဖွဲ့လုံး CDM လုပ်နေတော့ အဆုံးထိ လုပ်ဖို့ စဉ်းစားထားတယ်။ ကျွန်တော်တို့လည်း အောင်တဲ့အထိ တောင့်ခံနေမှာဘဲ။" ဟုသူပြောသည်။

မြစ်ကြီးနား မြန်မာ့မီးရထားဌာနတွင် ပို့ဆောင်ရေး၊ မြို့ပြအင်ဂျင်နီယာနှင့် စက်မှုဌာနဟုသုံးခုရှိပြီး စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၈ ရက်နေ့မှစ၍ စစ်မှုဌာနမှ ဝန်ထမ်းစုစုပေါင်း ၄၄ ဦး CDM ပြုလုပ်ခဲ့ကြသည်။


The 74 Media 

မြစ်ကြီးနားရှိ မီးရထား CDM ဝန်ထမ်းများကို နေအိမ်မှ ဖယ်ရှားပေးရန် ဖိအားပေးနေသောကြောင့် နေရာထိုင်ခင်း အခက်အခဲဖြစ်နေ မြစ်ကြီးနားရှိ မီးရထား CDM ဝန်ထမ်းများကို နေအိမ်မှ ဖယ်ရှားပေးရန် ဖိအားပေးနေသောကြောင့် နေရာထိုင်ခင်း အခက်အခဲဖြစ်နေ Reviewed by THITHTOOLWIN on 19:28 Rating: 5

No comments:

Powered by Blogger.