ဒီးမော့ဆိုတိုက်ပွဲ၌ CDM ကျောင်းဆရာ KNDF ရဲဘော် ဟင်နရီ ကျဆုံး


ပြီးခဲ့သော ဒီဇင်ဘာလ ၃၁ ရက်တွင် ဖြစ်ပွားခဲ့သည့် ဒီးမော့ဆို ငွေတောင်ဆည်တိုက်ပွဲအတွင်း ဒဏ်ရာအပြင်း အထန်ရခဲ့သည့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF မှ ရဲဘော်ဟင်နရီသည် ဆေးကုသမှုခံယူ နေစဥ် ယနေ့ ဇန်နဝါရီလ ၂ ရက် နံနက်ပိုင်းတွင် ကျဆုံးခဲ့သည်။ 

ကျဆုံးသွားခဲ့သည့် KNDF ရဲဘော် ရဲဘော်ဟင်နရီသည် ၂၀၁၆၊ ၂၀၁၇ နှင့်၂၀၁၈ခုနှစ်များတွင် ကယားပြည်နယ်ကျောင်းသားသမဂ္ဂ၏ အဖွဲ့ဝင်များနှင့်အတူ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီ ရေးနှင့် ဒီမိုကရေစီပညာရေးတို့တွင် တက်တက်ကြွကြွ လှုပ်ရှားခဲ့သော အဖွဲ့ဝင်ကျောင်းသားရဲဘော် တစ်ဦး ဖြစ်သည်။

ထို့အပြင် ရဲဘော်ဟင်နရီသည် နွေဦးတော်လှန်ရေး (ဝါ) ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးအတွင်း CDMကျောင်းဆရာအဖြစ်လည်းကောင်း  KNDF ၏ ရဲဘော်အဖြစ်လည်းကောင်း တော်လှန်ရေးတာဝန် များအား ထမ်းဆောင်ခဲ့သော ပြည်သူ့သူရဲကောင်းတစ်ဦးလည်း ဖြစ်သည်။

တော်လှန်ရေးတာဝန်များ ထမ်းဆောင်ရင်း ကျဆုံးသွားသည့် ရဲဘော်ဟင်နရီအား  ကယားပြည်နယ်ကျောင်းသားသမဂ္ဂနှင့် အဖွဲ့ဝင်ကျောင်းသားဟောင်းများမှ အလေးနီပြုအပ်ပါသည်ဟု ကယားပြည်နယ်ကျောင်းသားသမဂ္ဂ - KSSU က ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၃၁ရက်က ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည်အနီး၌ ဖြစ်ပွားခဲ့သောတိုက်ပွဲသည် နံနက် ၉ နာရီခန့်မှ ည ၆ ရီအထိ ပြင်းထန်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ တိုက်လေယာဥ်ဖြင့် ပစ်ခတ်ခြင်း ၊ လက်နက်ကြီးများဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ခြင်းကြောင့်  ပြည်သူ့ရဲဘော်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


သံလွင်ခက် - Than Lwin Khet News

ဒီးမော့ဆိုတိုက်ပွဲ၌ CDM ကျောင်းဆရာ KNDF ရဲဘော် ဟင်နရီ ကျဆုံး ဒီးမော့ဆိုတိုက်ပွဲ၌ CDM ကျောင်းဆရာ KNDF ရဲဘော် ဟင်နရီ ကျဆုံး Reviewed by THITHTOOLWIN on 00:21 Rating: 5

No comments:

Powered by Blogger.