ကန်ပက်လက်၊ ဇန်နဝါရီ ၃၁၊ ၂၀၂၂။
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ ရန်အောင်စေတီအနီးရှိ မြို့နယ်ပညာရေးမှူးရုံးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီလ ၃၁ ရက် ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ CDF - ကန်ပက်လက်ဆီက သိရပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် စစ်သား ၃ ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်မှုတွေရှိတာကြောင့် တိုက်ပွဲဖြစ်ချိန် ၁ နာရီကျော်လောက် ကြာခဲ့တယ်လို့ CDF - ကန်ပက်လက် တာဝန်ခံကပြောပါတယ်။
“ဒီနေ့မနက် ၆ နာရီခွဲကစပြီး ၈ နာရီအထိတိုက်ပွဲဖြစ်တာပါ၊ ကျနော်တို့ဘက်ကစပြီး ဝင်ပစ်ခဲ့တာပါ၊ အဲဒီမှာစစ်ကောင်စီဘက်က ၃ ယောက်ကျတယ်။ ပြီးရင်ဒဏ်ရာရတဲ့သူတွေလည်းရှိနိုင်တယ်။ သူတို့ရှိတဲ့နေရာတွေကို ကွက်တိကျအောင်ပစ်နိုင်ခဲ့တယ်။ ရန်အောင်စေတီမှာ သူတို့တပ်အင်အားက အနည်းငယ်ပဲရှိတယ်။ ပညာရေးမှူးရုံးနဲ့ အထွေအုပ်ရုံးမှာကြတော့ နည်းနည်းတော့များတယ်။ ၅၀နဲ့ ၁၀၀ ကြားမှာရှိတယ်။” လို့ သူက ပြောပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီတပ်တွေက တိုက်ခိုက်ခံရတဲ့နေရာအနီးမှာပဲ တပ်စွဲထားပြီး ရမ်းသမ်းပစ်ခတ်တာတွေရှိနေတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်ကလည်း ဆောမြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်စပ်၊ ပေါင်ချောင်းဖက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ CDF- ကန်ပက်လက်တို့ ပါကွန်းကျေးရွာအနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့လို့ စစ်သား ၇ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့လည်း CDF- ကန်ပက်လက်က သတင်းထုတ်ပြန်ထားပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment