မန္တလေးတွင် စကစခန့် ရပ်ကွက် အကွက်မှူးတစ်ဦး ဘီယာသောက်နေချိန် ပစ်သတ်ခံရ၊


ဇန်နဝါရီ - ၃၁

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက်နေ စစ်ကောင်စီခန့် ရပ်ကွက် အကွက်မှူးတစ်ဦး ယနေ့ ညနေ(၃)နာရီကျော်အချိန်က ဘီယာသောက်နေချိန် သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ဘီ.ယာဆိုင်အတွင်းမှာပင် လဲကျ သေဆုံးကြောင်း ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။

ယနေ့ ဇန်နဝါရီ(၃၁)ရက် ညနေ(၃)နာရီခွဲက ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ (၁၀၇)လမ်းနှင့် (၅၈)လမ်း အနီးရှိ ဘီယာဆိုင်တစ်ဆိုင်တွင် အဆိုပါ ရပ်ကွက် အကွက်မှူးဖြစ်သူ အသက်(၅၀)ကျော်အရွယ် ဦးမျိုးအောင်သည် ဇနီးဖြစ်သူနှင့် အခြားအမျိုးသား တစ်ဦးတို့နှင့်အတူ ဘီယာထိုင်သောက်နေစဉ် သေနတ်ဖြင့် နှစ်ချက် ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

“ဆေးရုံပို့ကြဖို့ လုပ်တဲ့အချိန် အဲ့ဒီဘီယာဆိုင်ထဲမှာပဲ သေဆုံးသွားပါတယ်” ဟု ဒေသခံတစ်ဦးက MFP သို့ ပြောသည်။

အဆိုပါ ရပ်ကွက် အကွက်မှူး ဦးမျိုး‌အောင်ကို အမည်မသိ အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ရင်အုံနှင့် ဗိုက်တွင် သေနတ်ဒဏ်ရာ နှစ်ချက် ရရှိကာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးသည်ဟု ဆိုသည်။

မန္တလေးမြို့၌ ပေါက်ကွဲမှုနှင့် လုပ်ကြံသတ်ဖြတ်မှုများ နေ့စဉ်နီးပါး ဖြစ်ပေါ်နေပြီး အဒိကအားဖြင့် စစ်ကောင်စီနှင့် ဆက်စပ်သူများ၊ စစ်ကောင်စီ သတင်းပေးဒလန်များနှင့် စစ်ကောင်စီ လက်အောက်ခံ ရုံး၊ ဌာန၊ အဆောက်အဦးများ ပစ်မှတ်ထား တိုက်ခိုက်ခံနေရသည်။ တချိန်တည်းမှာပင် စစ်အုပ်စုကလည်း ၄င်းတို့ကို ဆန့်ကျင်သူများနှင့် ဒီမိုကရေစီအရေး တောင်းဆိုသူများကို ဥပဒေမဲ့ ဖမ်းဆီး၊ သတ်ဖြတ်မှုများ လုပ်ဆောင်နေသည်။


Mandalay Free Press - MFP

မန္တလေးတွင် စကစခန့် ရပ်ကွက် အကွက်မှူးတစ်ဦး ဘီယာသောက်နေချိန် ပစ်သတ်ခံရ၊ မန္တလေးတွင် စကစခန့် ရပ်ကွက် အကွက်မှူးတစ်ဦး ဘီယာသောက်နေချိန် ပစ်သတ်ခံရ၊ Reviewed by THITHTOOLWIN on 21:55 Rating: 5

No comments:

Powered by Blogger.