ဘဏ်များပုံမှန်မလည်ပတ်နိုင်​​တော့၍ အပ်​ငွေတိုးရန်အပြိုင်အဆိုင်စည်းရုံး​နေ

ပြည်တွင်းဘဏ်များသည်ပုံမှန်မလည်ပတ်နိုင်တော့၍ အပ်ငွေများပိုမိုအပ်လာစေရန် အပြိုင်အဆိုင်စည်းရုံး နေရသည်ဟု ဘဏ်ဝန်ထမ်းအချို့က ပြောသည်။ 

ပြည်တွင်းဘဏ်များတွင် အပ်ငွေများနည်းပါးလာ၍ ဘဏ်ကန့်သတ်များ ဖြေလျော့မူများပေးသယောင် ကြေညာပြီး ဆွဲဆောင်နေကြခြင်းဖြစ်သည်ဟု ဘဏ်ဝန်ထမ်းအချို့က ပြောသည်။ 

“ဘဏ်တွေမှာ အပ်တဲ့သူ မရှိတော့လို့ အပ်ငွေလာအပ်အောင် လုပ်ရမယ်လို့ စစ်တပ်က ညွန့်ကြားလာတာရှိတယ်။ ဘဏ်တွေကလည်း ဒီအတိုင်းလိုက်လုပ်ပေးနေရတယ်”ဟု ဝန်ထမ်းတစ်ဦးက ပြောသည်။

သို့သော်လည်း ပြည်သူလူထု၏ ဘဏ်အပ်ငွေများကိုမူ ပြန်လည်ထုတ်ပေးရန် အကန့်သတ်ချက်များရှိနေသည်နေဆဲဖြစ်သည်ဟုလည်း ၎င်းက ဆက်​ပြောသည်။

ဘဏ်များတွင် ငွေထုတ်ယူလိုပါက တိုကင်စနစ်ဖြင့် ရက်ချိန်းယူရပြီး တစ်ပတ် အများဆုံး ကျပ် ၅သိန်းသာ ထုတ်ယူခွင့်ရသည်။ သို့သော်လည်း ဘဏ်များကအပ်ငွေများအတွက် အတိုးနှုန်းအမြင့်နှုန်းပေး၍ ဆွဲဆောင်မူများလည်း ပြုလုပ်လာသည်ဟု ဘဏ်ဝန်ထမ်းများကပြောသည်။ 

ရိုးမဘဏ်သည်  စာရင်းသေအပ်ငွေများအတွက် အတိုးနှုန်းကို ၉ ဒဿမ ၂၅ ရာခိုင်နှုန်းအထိ ပေး၍ အပ်ငွေများကို ဆွဲဆောင်နေသည်။ သို့သော်လည်း ရိုးမဘဏ်သည် တစ်ပတ်လျှင် အပ်ငွေ ၃ သိန်းအထိသာ ထုတ်ပေးနိုင်သည်ဟုထုတ်ပြန်ထားသည်။ CBဘဏ်ကလည်း စာရင်းသေအပ်ငွေကို တစ်နှစ်စာကို အတိုးနှုန်း ၉ ဒဿမ ၅ ရာခိုင်နှုန်းပေးမည်ဟု ဆွဲဆောင်ထားသည်။

ထို့အပြင်CBဘဏ်က ငွေသားများ ရာခိုင်နှုန်းပြည့်ထုတ်ပေးဟန် ကြေညာချက်တစ်ခုကို ဒီဇင်ဘာ ၂၆ ရက်တွင်ထုတ်ပြန်ခဲ့သည်။ ၎င်းတွင် ဒီဇင်ဘာ ၁၅ ရက်မှ စတင်ပြီး ယခင် ဘဏ်စာရင်း ဟောင်းများကို ငွေသွင်းပါက ရာခိုင်နှုန်းအပြည့်ငွေပြန်ထုတ်ပေးမည်ဟုဆိုသည်။ သို့သော်လည်း နယ်မြေမတူပါက ချက်ချင်းထုတ်ယူခွင့်မရဘဲ နောက်ရက်မှသာထုတ်ယူခွင့်ရမည် ဖြစ်သည်။ထို့အပြင် ဒီဇင်ဘာ ၁၅ ရက်မတိုင်ခင်က ထည့်သွင်းထားသော ငွေများက ထုတ်ယူခွင့်ရမည်မဟုတ်ကြောင်း ကန့်သတ်ထားပြန်သည်။ ထိုနည်းဖြင့် မလိမ့်အပ်​ငွေတိုးလာရန်ကြိုးစား​နေသည်။

သို့သော်လည်း ပြည်တွင်းဘဏ်များတွင် ဘဏ်အချင်းချင်း ငွေလွှဲဝန်ဆောင်မူကိုပင် နေချင်းပြီး ငွေထုတ်ပေးနိုင်သည့် အနေအထားမရှိဘဲ ငွေထုတ်ရန် စောင့်ဆိုင်းရသည်ဟု အခြားဘဏ်ဝန်ထမ်း တစ်ယောက်ကလည်း ပြောသည်။ 

ထို့အပြင် အပ်ငွေများလာစေရန် အထူးဘဏ်စာရင်းများအပြင် ယခင်ဘဏ်အကောင့်များကိုပါ ငွေသားသွင်းပါက ငွေသား အချိန်မ​ရွေးပြန်လည်ထုတ်ယူနိုင်သည်ဟု ဘဏ်များက ဆွဲဆောင်လာသည်ဟုလည်း ဘဏ်အသိုင်းအဝိုင်းများထံမှ သိရသည်။

“ဘဏ်တွေမှာ ဘယ်လောက်ခက်ခဲလဲဆိုရင် ကြိုက်တဲ့အချိန်ထုတ်လို့ရတယ်ဆိုတဲ့ special အကောင့်(အထူးဘဏ်စာရင်း)တောင် ငွေထုတ်ဖို့ အဆင်ပြေဘူး။ ငွေထုတ်ဖို့စာတင်ရတယ်”ဟု ကမ္ဘောဇဘဏ်တွင် အထူးဘဏ်စာရင်းဖွင့်လှစ်ထားသူတစ်ဦးက ပြောသည်။ 

ဘဏ်များမှ အထူးငွေစာရင်းမှ ငွေထုတ်ယူသူများသည် ကျပ်သိန်း ၂၀၀ အထက်ငွေထုတ်ပါက တစ်ရက်ကြိုတင်၍ ငွေထုတ်ရန်စာတင်ရသည်ဟု ၎င်းက ရှင်းပြသည်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်​ကောင်စီနှင့် ဘဏ်များအ​ပေါ် ယုံကြည်မှု မရှိ​တော့သဖြင့် ​ငွေထုတ်ယူမှု အလွန်များပြားလာပြီး​​နောက် အာဏာသိမ်းစစ်​ကောင်စီအမိန့်ဖြင့် ဘဏ်များတွင် ငွေထုတ်ယူမူကို ကန့်သတ်ခဲ့သည်။တစ်ပတ်လျှင် ကျပ် ၅သိန်းနှင့် ကုမ္ပဏီလုပ်ငန်းတစ်ခုကို ကျပ်သိန်း ၂၀ သာ ထုတ်ယူခွင့်ပေးခဲ့သည်။

People's Spring 



ဘဏ်များပုံမှန်မလည်ပတ်နိုင်​​တော့၍ အပ်​ငွေတိုးရန်အပြိုင်အဆိုင်စည်းရုံး​နေ ဘဏ်များပုံမှန်မလည်ပတ်နိုင်​​တော့၍ အပ်​ငွေတိုးရန်အပြိုင်အဆိုင်စည်းရုံး​နေ Reviewed by THITHTOOLWIN on 18:05 Rating: 5

No comments:

Powered by Blogger.