ဝက်လက် ညောင်ပင်ကြီးတောတွင် အကြမ်းဖက် စစ်အုပ်စုက ရဟတ်ယာဉ်ဖြင့် ပစ်ခတ်နေ

စကစများ အသေများသည့် ဒီပဲယင်းနှင့် ဘုတလင်နယ်စပ်တွင်လည်း ရဟတ်ယာဉ်သုံးစင်းဖြင့် ပစ်ခတ်၊

MFP ၊ ဇန်နဝါရီ - ၃

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ညောင်ပင်ကြီးတော၌ ယနေ့ မွန်းလွဲ (၁)နာရီဝန်းကျင်တွင် အကြမ်းဖက် စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေသဖြင့် ဒေသခံများ ထွက်ပြေးနေရကြောင်း သတင်းရရှိသည်။

ယနေ့ ဇန်နဝါရီ(၃)ရက် မွန်းလွဲ(၁)နာရီမှ စတင်ကာ အကြမ်းဖက် စစ်ကောင်စီက MI-35 ရဟတ်ယာဉ် သုံးစီးဖြင့် ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောသို့ လာရောက်ပစ်ခတ်ခြင်း ဖြစ်သည်ဟု ဝက်လက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ဝက်လက် PDF က MFP သို့ ပြောသည်။

"ပစ်ဆဲ။ ပစ်နေတုန်းပဲ။ သုံးစီးလာတာ နှစ်စီးက လူချသွားတာလို့ ထင်ရတယ်။ အတိအကျတော့ မသိရသေးဘူး။ တစ်စီးက အခုထိ ပစ်နေတုန်း။ တစ်နာရီထိုးကတည်းက စလာတာ" ဟု ဝက်လက် PDF က MFP သို့ ပြောသည်။

ဒီဇင်ဘာ(၃၁)ရက်နှင့် ဇန်နဝါရီ(၁)ရက်က ဝက်လက်မြို့နယ် ဘုရားလေးကုန်းရွာအနီး အကြမ်းဖက် စစ်ကောင်စီ လက်နက်ကိုင်များနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ လက်နက်ကိုင်များ အထိနာ အသေများခဲ့သည်။ အဆိုပါ နှစ်ရက်တာ တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီ လက်နက်ကိုင် (၄၀)ခန့် သေပြီး ဝက်လက်ဒေသ ကကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ အကြမ်းဖက် စကစများကို ၀ိုင်းပတ်ပိတ်ဆို့ထားပြီး အပြတ်ဖြူတ်ရန် ကြိုးစားနေချိန်တွင် အကြမ်းဖက် စစ်အုပ်စုက ရဟတ်ယာဉ်ဖြင့် ပစ်ကူပေးသဖြင့် စကစများ ပြေးလမ်းပွင့်သွားခြင်းဖြစ်ကြောင်း ဝက်လက် PDF က ထုတ်ပြန်ထားသည်။

ထိုသို့ မြေပြင်တိုက်ပွဲတွင် စကစမျာ အထိနာ အသေများပြီးနောက် ယခုကဲ့သို့ ရဟတ်ယာဉ်ဖြင့် ထပ်မံ လာရောက် ပစ်ခတ်ခြင်း ဖြစ်သည်ဟု ဝက်လက် PDF က ပြောသည်။

တချိန်တည်းမှာပင် ယနေ့ နေ့လည်(၁၂)နာရီခွဲ ဝန်းကျင်မှ စတင်ကာ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်နှင့် ဘုတလင်မြို့နယ်အစပ် လက်ပံ အရှေ့ရွာအနီးတွင် အကြမ်းဖက် စစ်ကောင်စီ လက်နက်ကိုင်များ ရဟတ်ယာဉ် သုံးစီးဖြင့် ဝဲပျံနေသည်ဟု ဒေသခံများက ပြောသည်။

ရဟတ်ယာဉ်နှစ်စီးက လူချပြီး တစ်စီးက ဝဲပျံကာ ပစ်ခတ်နေကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါ လက်ပံရွာအနီးတွင်လည်း ယမန်နေ့က အကြမ်းဖက် စစ်ကောင်စီ လက်နက်ကိုင်များကို ဂဠုန်းတပ်တော် (ဒီပဲယင်း)က တိုက်ခိုက်သဖြင့် စကစ ငါးဦးသေပြီး (၂၀)ကျော် ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။ ယမန်နေ့က မနက်ပိုင်းတွင် မိုင်းဆွဲခဲ့ရာ စကစ ငါးဦး သေပြီး အဆိုပါ စကစအလောင်းများကို မီးရှို့နေချိန် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစများ အထိနာသွားသည်ဟု ဂဠုန်တပ်တော် (ဒီပဲယင်း)က MFP သို့ ပြောသည်။

ထိုသို့ တိုက်ပွဲတွင် အထိနာ အသေများပြီးနောက် ယခုကဲ့သို့ ရဟတ်ယာဉ်သုံးကာ တိုက်ခိုက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

အကြမ်းဖက် စစ်ကောင်စီသည် ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဒီပဲယင်း၊ ရေဦး၊ တန့်ဆည်၊ ကန့်ဘလူနှင့် ကလေးမြို့များရှိ ကျေးရွာများသို့ ရဟတ်ယာဉ်သုံး၍ ပစ်ခတ်တိုက်ခိုက် ဗုံးကျဲခဲ့ရာ ဒေသခံ အရပ်သားပြည်သူ အများအပြား သေဆုံးခဲ့သည်။

Mandalay Free Press - MFP

ဝက်လက် ညောင်ပင်ကြီးတောတွင် အကြမ်းဖက် စစ်အုပ်စုက ရဟတ်ယာဉ်ဖြင့် ပစ်ခတ်နေ ဝက်လက် ညောင်ပင်ကြီးတောတွင် အကြမ်းဖက် စစ်အုပ်စုက ရဟတ်ယာဉ်ဖြင့် ပစ်ခတ်နေ Reviewed by THITHTOOLWIN on 17:27 Rating: 5

No comments:

Powered by Blogger.