ဇန်နဝါရီလ ၂၂၊ ၂၀၂၂။
မွန်ပြည်နယ် ဘီးလင်းမြို့အနယ်အတွင်းရှိ ဝင်းမောင်းရွာနှင့် မဲ့ဝိုင်ရွာတို့အား စစ်ကောင်စီတပ်ဖွဲ့ဝင်များကရိက္ခာများ ဖြတ်တောက်ထားသည်မှာ ၇ လခန့်ရှိပြီးဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆန်နှင့် ဆေးဝါးများကို အဓိက ဖြတ်တောက်မှုများ ပြုလုပ်ထားသည့်အတွက် ပြီးခဲ့သည့် ကိုဗစ်တတိယလှိုင်းတွင် ရာသီတုပ်ကွေးကြောင့် ဆေးဝါးများ အလုံအလောက်မရှိသဖြင့် ဒေသခံပြည်သူအချို့ သေဆုံးမှုများ ရှိခဲ့သည်ဟုလည်း သိရသည်။
“ညီမတို့ ရွာကို ၇ လပိုင်းလောက်က စစ်ခွေးတွေက ရိက္ခာတွေ ဖြတ်လိုက်တယ်။ ညီမတို့ရွာက PDF တွေကို ထောက်ပံ့တယ်ဆိုပြီး စွပ်စွဲတယ်။ အခုချိန်အထိလည်း ရိက္ခာတွေကို ဖြတ်တောက်ထားတယ်။ တစ်ခါတလေ ကံကောင်းလို့ မြို့ပေါ် တက်ခွင့်ရတဲ့အခါ လူနှစ်ယောက်ထက် ပိုပြီး မသွားရဘူး” ဟု ဒေသခံအမျိုးသမီးတစ်ဦးက သံလွင်ခက်ကိုပြောသည်။
ရိက္ခာအတွက် ဝင်းမောင်းရွာနှင့် မဲ့ဝိုင်ရွာနားတွင် စစ်ကောင်စီနှင့် BGF ပူးပေါင်းဂိတ်တစ်ခုအား ဖြတ်သန်းသွားလာပါက ဂိတ်ကြေး ၅၀၀၀ ခန့် အထိ ပေးဆောင်နေရကြောင်း သိရသည်။
“ရွာကနေ ထွက်ရင် သူတို့ ဂိတ်ကို အရင်ရောက်တယ်။ တစ်ခါတလေ ကားပေါ်မှာ ဆန်တွေ ခိုးတင်လာလို့ မိသွားရင် အဲဒီဆန်အိတ်တွေကို သူတို့ ယူလိုက်တယ်။ ဂိတ်ကြေးကို အဆမတန်တောင်းတာတွေ လုပ်တယ်” ဟု နောက်ထပ်ဒေသခံတစ်ဦးက အတည်ပြုပြောသည်။
ထိုသို့ ရိက္ခာ ဖြတ်တောက်ခံထားရသောကြောင့် အဆိုပါ ရွာနှစ်ရွာအတွက် စားဝတ်နေရေးကို ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့ဝင်များကသာ ကူညီထောက်ပံ့ပေးနေရသည်ဟုလည်း သိရသည်။
ဘီးလင်းမြို့နယ်သည် KNU ထိန်းချုပ်နယ်မြေထဲတွင် ရှိသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက မကြာခဏ ဆိုသလို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေပြီး တစ်ခါတရံ ပြည်သူများ၏ နေအိမ်များနှင့် လယ်တောထဲသို့ လက်နက်ကြီးများ ကျရောက်ကာ မီးများလောင်ကျွမ်းမှုများ ရှိခဲ့သည်။
သံလွင်ခက် - Than Lwin Khet News
No comments:
Post a Comment