မန္တလေးမြို့ ကျွန်းလုံးဥသျှောင်ရပ်ကွက် အကွက်မှူးတစ်ဦး သေနတ်ဖြင့် လေးချက် ပစ်ခတ်ခံရ

MFP ၊ ဇန်နဝါရီ - ၁

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက် အကွက်မှူးတစ်ဦး ယနေ့ ညနေပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံသဖြင့် ထိခိုက်ဒဏ်ရာရကာ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်း ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။

ယနေ့ ဇန်နဝါရီ(၁)ရက် ညနေ(၅)နာရီခွဲဝန်းကျင်က ချမ်းစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ အကွက်(၅၀၁) ရွာလယ်လမ်းပေါ်တွင် ယင်းအကွက်မှူးဖြစ်သူ အသက်(၆၀)အရွယ် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်သည်။

အဆိုပါ ရပ်ကွက် အကွက်မှူးသည် စျေးဝယ်ပြီး ရွာလယ်လမ်းအတိုင်း လမ်းလျှောက်ပြန်လာစဉ် ဆိုင်ကယ်ဖြင့် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် လေးချက် ပစ်ခတ်သဖြင့် ညှပ်ရိုးဖောက်ဝင် သေနတ်မှန်ဒဏ်ရာ ရရှိကာ မန္တလေးဆေးရုံကြီးသို့ ပို့ထားရသည်ဟု ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။

မန္တလေးမြို့ မဟာမုနိဘုရားကြီးအနီးဝန်းကျင်ရှိ ကျွန်းလုံးဥသျှောင်ရပ်ကွက်သည် စစ်ကောင်စီ သတင်းပေးဒလန်များ ပေါများသည်ဟု နာမည်ကျော်သော ရပ်ကွက်တစ်ခု ဖြစ်သည်။ လွန်ခဲ့သည့် လပိုင်းက ဘုရားကြီးအနီးတွင် စစ်အာဏာရှင် ကျဆုံးရေး ငြိမ်းချမ်းစွာ ဆန္ဒပြနေသော မန္တလေး မြတောင် သပိတ်စစ်ကြောင်းမှ လူငယ်များကို အဆိုပါ ကျွန်းလုံးဥသျှောင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဆိုသူက သေနတ်ဖြင့် ပစ်ခတ်သဖြင့် သပိတ်စစ်ကြောင်းမှ အမျိုးသမီးငယ်တစ်ဦး သေဆုံးသလို ဖမ်းဆီးခံရသူများလည်း ရှိခဲ့သည်။

အာဏာသိမ်း စစ်ကောင်စီက ၄င်းတို့ကို ဆန့်ကျင်သူများကို ဥပဒေမဲ့ ထင်တိုင်းကျဲ အကြမ်းဖက် သတ်ဖြတ် ဖိနှိပ်နေသလို မန္တလေးရှိ စစ်ကောင်စီနှင့် ဆက်စပ်သူများ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် စစ်ကောင်စီ လက်အောက်ခံ ရုံးများ၊ ဌာနများလည်း မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်ခံနေရသည်။

ယနေ့ မနက်ပိုင်းကလည်း မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (ဆ)ရပ်ကွက် ရာအိမ်မှူး အသက်(၄၀)ကျော်အရွယ် အမျိုးသားတစ်ဦး ကွမ်းဝယ်နေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရကာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

Mandalay Free Press - MFP

မန္တလေးမြို့ ကျွန်းလုံးဥသျှောင်ရပ်ကွက် အကွက်မှူးတစ်ဦး သေနတ်ဖြင့် လေးချက် ပစ်ခတ်ခံရ မန္တလေးမြို့ ကျွန်းလုံးဥသျှောင်ရပ်ကွက် အကွက်မှူးတစ်ဦး သေနတ်ဖြင့် လေးချက် ပစ်ခတ်ခံရ Reviewed by THITHTOOLWIN on 05:31 Rating: 5

No comments:

Powered by Blogger.