ဒီပဲယင်းနယ်တွင် ပျံဝဲသည့် စစ်ရဟတ်ယာဉ်များ အလောင်းလာသယ်ခြင်းဖြစ်၊ ဒီပဲယင်းရှိ သေဆုံး၊ဒဏ်ရာရ စကစများကို ရဟတ်ယာဉ်ဖြင့် လာသယ်သွားဟု ဂဠုန်တပ်တော် ပြော၊

အလောင်းသယ် စကစ ရဟတ်ယာဉ်တစ်စီး/ Photo – မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေး

ဇန်နဝါရီ - ၃

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်း ယနေ့ နေ့လည်ပိုင်းအချိန် ပျံဝဲခဲ့သည့် စစ်ရဟတ်ယာဉ်များသည် စကစ အလောင်းများကို လာသယ်ခြင်း ဖြစ်ကြောင်း ဒီပဲယင်းဒေသ တော်လှန်ရေး အင်အားစုများက MFP သို့ ပြောသည်။

ယနေ့ ဇန်နဝါရီ(၃)ရက် နေ့လည်ပိုင်းတွင် ဒီပဲယင်းမြို့နယ်နှင့် ဘုတလင်နယ်အစပ် လက်ပံအရှေ့ရွာအနီးသို့ စစ်ရဟတ်ယာဉ် သုံးစီးခန့် ပျံဝဲပြီး ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ ရဟတ်ယာဉ်များသည် တစ်ကြိမ်မက ပျံဝဲနေသဖြင့် ဒီပဲယင်းဒေသတွင်း ထိုးစစ်ဆင်ရန် အင်အားတိုးမြှင့် စစ်ကြောင်းထိုးခြင်း ဖြစ်နိုင်ကြောင်း အချို့က ခန့်မှန်းသော်လည်း အဆိုပါ ရဟတ်ယာဉ်များသည် အကြမ်းဖက် စကစ အလောင်းများ လာသယ်ခြင်း ဖြစ်သည်ဟု ဂဠုန်တပ်တော် (ဒီပဲယင်း)က MFP သို့ အတည်ပြုပြောသည်။

"ဒီနေ့မှာ ဒီပဲယင်း နယ်ထဲကနေ အကောင်းတိုင်း ရှိနေတဲ့ ကောင်တွေက ဝက်လက် ရောက်သွားတယ်။ ကွဲပြဲဒဏ်ရာရတဲ့ ကောင်တွေကတော့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် နမခထဲ ဝင်သွားတယ်။ သူတို့ အဲထဲပဲ တပ်ဖျောက်သွားတယ်။ အကုန်လုံး ရဟတ်ယာဉ်နဲ့ပဲ သယ်ထုတ်သွားတယ်။ "ဟု ဂဠုန်တပ်တော်က MFP သို့ ပြောသည်။

ဒီပဲယင်းနှင့် ဘုတလင်နယ်အစပ် လက်ပံရွာအနီးရှိ ယခင်နေ့က မိုင်းဆွဲတိုက်ခိုက်ခံရသော အကြမ်းဖက် စကစများ ယင်းရွာတွင် မရှိတော့သလို ဒီပဲယင်းနယ်အတွင်း မွှေနျောက်သောင်းကျန်းနေသော အကြမ်းဖက် စကစများ လက်ရှိတွင် ဒေသတွင်း မရှိတော့ဘဲ ရဟတ်ယာဉ်ဖြင့် ပြန်သယ်သွားပြီဟု ၄င်းက ဆိုသည်။

"လောလောဆယ်တော့ ဒီပဲယင်းနယ်ထဲ ဒီကောင်တွေ မရှိတော့ဘူး။ စခန်းမှာ ထိုင်နေတဲ့ ခွေးနည်းနည်းတော့ ရှိမယ်” ဟု ဂဠုန်တပ်တော်က MFP သို့ ပြောသည်။

ဇန်နဝါရီ(၂)ရက် မနက်ပိုင်းက ဒီပဲယင်းနယ်အတွင်း ရွာစဉ်ပတ်မွှေသောင်းကျန်းကာ လူသတ်၊ ပစ္စည်းလု၊ ခိုးဝှက်နေသော အကြမ်းဖက် စကစများကို ဒီပဲယင်းနှင့် ဘုတလင်အစပ် လက်ပံရွာအနီးတွင်လည်း ဂဠုန်းတပ်တော် (ဒီပဲယင်း)က တိုက်ခိုက်ခဲ့ရာ စကစ ငါးဦးသေပြီး (၂၀)ကျော် ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။ အဆိုပါ ထိခိုက်သေဆုံးသူများကို လက်ပံမြောက်ရွာ စာသင်ကျောင်းအတွင်းသို့ ဆွဲသွင်းသွားပြီးနောက် နေ့လည်ပိုင်းတွင် အလောင်းများကို မီးရှို့နေချိန် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစ ရှစ်ဦးခန့် ထပ်ထိသည်ဟု ဂဠုန်တပ်တော် (ဒီပဲယင်း)က MFP သို့ ပြောသည်။

ထို့အပြင် ယနေ့ ဇန်နဝါရီ(၃)ရက် မနက်ပိုင်းတွင် ထပ်မံ၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစ ရှစ်ဦးခန့် ထပ်မံထိပြီး နှစ်ရက်တာအတွင်း သုံးကြိမ် တိုက်ခိုက်မှုတွင် စကစ ငါးဦးသေကာ (၃၀)ကျော် ဒဏ်ရာရကြောင်း ဂဠုန်တပ်တော် (ဒီပဲယင်း)က ဆိုသည်။ ယခုအခါ အဆိုပါ စကစများကို ရဟတ်ယာဉ်ဖြင့် လာသယ်သွားခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့က ပြောသည်။

အကြမ်းဖက် စစ်ကောင်စီသည် မြေပြင်စစ်ကြောင်းများ မိုင်းဆွဲတိုက်ခိုက်ခံရမှုနှင့် ပြောက်ကျား တိုက်ခိုက်ခံရမှုကြောင့် အထိနာ အသေများနေချိန်တွင် ရဟတ်ယာဉ်များ အသုံးပြုကာ တပ်အပြောင်းအရွှေ့ ပြုလုပ်ခြင်းနှင့် ထိုးစစ်ဆင်ခြင်းများ ပြုလုပ်နေသည်။

ယနေ့ နေ့လည်ပိုင်းတွင် ဝက်လက်မြိုကနယ် ညောင်ပင်ကြီးတောရွာအနီးသို့ ရဟတ်ယာသ်ဖြင့် ဗုံးကျဲပစ်ခတ်၊ စကစများ အင်အားတိုးချကာ လက်ရှိတွင် ကျေးရွာအတွင်း ဝင်မွှေသောင်းကျန်းလျှက် ရှိကြောင်း ဝက်လက်ဒေသခံများက ပြောသည်။

အကြမ်းဖက် စစ်ကောင်စီသည် ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဒီပဲယင်း၊ ရေဦး၊ တန့်ဆည်၊ ကန့်ဘလူနှင့် ကလေးမြို့များရှိ ကျေးရွာများသို့ ရဟတ်ယာဉ်သုံး၍ ပစ်ခတ်တိုက်ခိုက် ဗုံးကျဲခဲ့ရာ ဒေသခံ အရပ်သားပြည်သူ အများအပြား သေဆုံးခဲ့သည်။


Mandalay Free Press - MFP

ဒီပဲယင်းနယ်တွင် ပျံဝဲသည့် စစ်ရဟတ်ယာဉ်များ အလောင်းလာသယ်ခြင်းဖြစ်၊ ဒီပဲယင်းရှိ သေဆုံး၊ဒဏ်ရာရ စကစများကို ရဟတ်ယာဉ်ဖြင့် လာသယ်သွားဟု ဂဠုန်တပ်တော် ပြော၊ ဒီပဲယင်းနယ်တွင် ပျံဝဲသည့် စစ်ရဟတ်ယာဉ်များ အလောင်းလာသယ်ခြင်းဖြစ်၊  ဒီပဲယင်းရှိ သေဆုံး၊ဒဏ်ရာရ စကစများကို ရဟတ်ယာဉ်ဖြင့် လာသယ်သွားဟု ဂဠုန်တပ်တော် ပြော၊ Reviewed by THITHTOOLWIN on 20:02 Rating: 5

No comments:

Powered by Blogger.