စစ်ကော်စီတပ်ကို ပိတ်ဆို့တိုက်ခိုက်ရာမှ စစ်ကူများကြောင့် ချင်းပြည်သူ့ကာကွယ်ရေးတပ်များ နောက်ဆုတ်ပေးလိုက်ရ
မဲခေါင်၊ ဇန်နဝါရီ ၂၃
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဟိန်ဇိန်ကျေးရွာတွင် ပိတ်မိနေသည့် စစ်ကောင်စီတပ်များအား ချင်းပြည်သူ့ကာကွယ်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်နေပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ကူ၊ လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်စစ်ကူများကြောင့် အင်အားမမျှတသဖြင့် နောက်ဆုတ်ပေးလိုက်ရကြောင်း ချင်းပြည်သူ့ကာကွယ်ရေးတပ်များ က ယမန်နေ့က ထုတ်ပြန်သည်။
ဟိန်ဇိန်ရွာအတွင်း ပိတ်မိနေသည့်စစ်ကောင်စီစစ်ကြောင်းအား စစ်ကူရန်အတွက် ကလေးတက္ကသိုလ်ဖက်မှ စစ်ကောင်စီတပ်များက လက်နက်ကြီးပစ်ကူပေးခြင်း၊ လေကြောင်းပစ်ကူများဖြင့် ဗုံးများလာရောက်ကြဲခြင်း၊ စက်သေနတ်များဖြင့် ပစ်ကူပေးခြင်းများ ယမန်နေ့ တိုက်ပွဲတွင် ပြုလုပ်ခဲ့သည်။
တီးတိန်မြို့ဘက်မှလည်း စစ်ကောင်စီစစ်ကြောင်းနှင့်အတူ ဇိုးမီးတော်လှန်ရေးတပ်မတော် ( ZRA ) အဖွဲ့များက စစ်ကူလာရောက်သောကြောင့် ပိတ်မိစစ်ကြောင်းအား ဝိုင်းဝန်ပိတ်ဆို့နေသည့်အင်အားများ မျှပေးခဲ့ရသဖြင့် သိုင်းငင်းကျေးရွာအား နောက်ဆုတ်ပေးခဲ့ရသည်ဟု ချင်းပြည်သူ့ကာကွယ်ရေးတပ်များက ထုတ်ပြန်ကြသည်။
ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က အသေအပျောက်များခဲ့ပြီး ချင်းပြည်သူ့ကာကွယ်ရေးတပ်များဖြစ်သည့်် PDF Zoland နှင့် CNF အဖွဲ့များမှ ရဲဘော် ၂ ဦး ကျဆုံးခဲ့သည်။
ဟိန်ဇိန်ရွာတွင်ပိတ်မိနေသည့် စစ်ကောင်စီတပ်များကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့သည့် ချင်းပြည်သူ့ကာကွယ်ရေးတပ်များမှာ CNA၊ CDM Siyin၊ PDF Zoland၊ Kalay PDF 3၊ Kalay PDF 8၊ Kalay PDF 9၊ Zongam Army၊ CDF KKG 2 အဖွဲ့တို့က ဝိုင်းဝန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပိတ်မိနေသည့်စစ်ကောင်စီစစ်ကြောင်းအား စစ်ကူလာရာတွင် တီးတိန်ဘက်မှ ZRA အဖွ့ဲလည်းပါဝင်ကြောင်း ချင်းပြည်သူ့ကာကွယ်ရေးတပ်များက ပြောဆိုသည်။
ZRA ( အရှေ့ပိုင်း) အဖွဲ့ဘက်က အစိုးရ၊ စစ်တပ်၊ လက်နက်ကိုင်အင်အားစု တခုအောက်တွင် ပူးပေါင်းလုပ်ဆောင်ခြင်းမရှိကြောင်း၊ အမုန်းစကားစွပ်စွဲချက်များသည် ဒေသတွင်းမျိုးနွယ်စုများအကြား၊ ရည်မှန်းချက်တူသည့် အဖွဲ့အစည်းများအကြား အကျိုးမဖြစ်ထွန်းစေကြောင်း ယနေ့တွင် ရှင်းလင်းထုတ်ပြန်ထားသည်။
ZRA အဖွဲ့သည် ၂၀၂၁ ဇွန်လ ၁၆ ရက်က တီးတိန်မြို့နယ်ရှိ PDF စခန်း ၁ ခုအား ဝင်ရောက်ဖျက်ဆီးခဲ့သည်။ မေလ ၂၂ ရက်တွင်လည်း PDF စခန်းတခုကိုလည်း ဖျက်ဆီးခဲ့သေးသည်။
ZRA အဖွဲ့သည် အိန္ဒိယအစိုးရနှင့် အပစ်အခတ်သဘောတူပြီးနောက် နယ်ခြားစောင့်တပ်အဖြစ်ရပ်တည်နေခဲ့ပြီး မြန်မာနိုင်ငံ ချင်းပြည်နယ်ရှိ တီးတိန်နှင့် တွန်းဇံမြို့နယ်များအတွင်း လှုပ်ရှားမှုများရှိခဲ့သည်။
MeKong News - မဲခေါင်သတင်း
No comments:
Post a Comment