(ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သမိုင်းလမ်းဆုံအခြေအနေကို မြင်တွေ့ရစဥ်၊ ဓာတ်ပုံ - CJ) |
ရန်ကုန်မြို့ရှိ သမိုင်းလမ်းဆုံးရဲကင်း နှင့် ရွှေပြည်သာမြို့နယ်ရှိ ရဲစခန်းတို့တွင် ဗုံးဖောက်ခွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား အနည်းဆုံး သုံးဦးသေဆုံးနိုင်ကြောင်း မျက်မြင်တွေ့ရှိသူများက လူထုနွေဦးသို့ ပြောသည်။
ယနေ့(ဒီဇင်ဘာ ၃၁ ရက်) နံနက် ၁၀နာရီခွဲခန့်တွင် သမိုင်းလမ်းဆုံရှိ ရဲကင်းကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက် ခံရခြင်းဖြစ်ပြီး ကင်းပုန်းဝတ်နေသည့် စစ်သားလေးဦးတွင် တစ်ဦးသာ ထွက်လာနိုင်ခဲ့သည်ဟု မျက်မြင် တွေ့ရှိသူတစ်ဦးက ပြောသည်။
"သဲအိတ်တွေပါ ဖွာထွက်သွားတာ။အဲဒီ သဲအိတ်ဘန်ကာထဲမှာ အမြဲတမ်း လေးယောက်လောက်ရှိတယ်။ တစ်ယောက်ပဲ သေနတ်ထမ်းပြီး ထပြေးနိုင်တယ်။ လူနာတင်ယာဥ်တွေပါလာရတယ်"ဟု သမိုင်းလမ်းဆုံ အနီးနေထိုင်သူ တစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီ၏ ယာဥ် ရှစ်စီးဖြင့် စစ်သားများက သမိုင်းလမ်းဆုံးကို ပိတ်ဆို့ထားပြီး YBS ယာဥ်များပေါ်အထိ တက်ရောက်စစ်ဆေးခြင်းများပြုလုပ်နေသည်ဟု ဆိုသည်။
အောက်တိုဘာကလည်း သမိုင်းလမ်းဆုံရှိ ရဲကင်း တိုက်ခိုက်ခံရမှုရှိခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားအချို့ သေဆုံးဒဏ်ရာရရှိခဲ့သည်။
အလားတူ ယနေ့ နံနက် ၈နာရီခန့်က ရွှေပြည်သာမြို့နယ် လှော်ကားတာဆုံအနီးရှိ ရဲစခန်း ဗုံးပေါက်ကွဲမှုဖြစ်ကာ စစ်ကောင်စီတပ်သားသေဆုံးမှုရှိသည်ဟု ဒေသခံများက ဆိုသည်။ ထိုဖြစ်စဥ်အသေးစိတ်ကို လူထုနွေဦးက မေးမြန်းနေဆဲဖြစ်သည်။
People's Spring
No comments:
Post a Comment