MFP ၊ ဇန်နဝါရီ - ၃
စစ်ကိုင်းတိုင်း ကောလင်းမြို့ရှိ ဆန်စက်ပိုင်ရှင်များနှင့် ဒေသခံ စီးပွားရေး လုပ်ငန်းရှင်များကို အကြမ်ဖက် စစ်ကောင်စီက ဆက်လက်ဖမ်းဆီးနေပြီး ယနေ့ ဇန်နဝါရီ(၃)ရက်တွင်လည်း အနည်းဆုံး လုပ်ငန်းရှင် ငါးဦးခန့် ဖမ်းဆီးခံရကြောင်း ဒေသခံများက MFP သို့ ပြောသည်။
ကောလင်းမြို့ရှိ ဆန်စက်ပိုင်ရှင်၊၊ လက်ဖက်ရည်ဆိုင်ပိုင်ရှင် စသည့် စီးပွားရေးလုပ်ငန်းရှင်များကို PDF များအား ထောက်ပံ့မှု၊ လျှပ်စစ်မီတာခ မပေးဆောင်မှု စေသော စွပ်စွဲချက်များဖြင့် စစ်ကောင်စီ လက်နက်ကိုင်များက ဇန်နဝါရီ(၂)ရက်မှ စတင်ကာ ဖမ်းဆီးနေခြင်း ဖြစ်သည်။
ယနေ့ ဇန်နဝါရီ(၃)ရက်တွင် အကြမ်းဖက် စစ်အုပ်စုက မြို့ခံစီးပွားရေးလုပ်ငန်းရှင် ငါးဦးထက်မနည်းကို ထပ်မံ ဖမ်းဆီးခဲ့ရာ နှစ်ရက်တာအတွင်း ဖမ်းဆီးခံရသည့် စီးပွားရေးလုပ်ငန်းရှင် စုစုပေါင်း (၂၀)ဦးထက်မနည်း ရှိနေသည်ဟု ဒေသခံများက ဆိုသည်။
အကြမ်းဖက် စစ်ကောင်စီသည် ကောလင်းမြို့ရှိ စီးပွားရေး လုပ်ငန်းရှင်များကို ဖမ်းဆီးရာတွင် ၄င်းတို့ဖမ်းလိုသူကို မတွေ့ပါက မိသားဝုဝင်များကိုပါ ဓားစာခံအဖြစ် ဖမ်းဆီးနေကြောင်းလည်း နီးစပ်သူများက ဆိုသည်။
စစ်အုပ်စုသည် ပြီးခဲ့သည့် လပိုင်းအတွင်းကလည်း မုံရွာ အပါအဝင် စစ်ကိုင်းတိုင်းအတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များကို ဖမ်းဆီးမှုများ ရှိခဲ့ပြီး တစ်ပတ်ခန့်အကြာတွင် ပြန်လွှတ်ပေးမှုများ လုပ်ဆောင်ခဲ့သည်။ ထို့အပြင် လွန်ခဲ့သည့် ရက်ပိုင်းကလည်း မန္တလေးမြို့ရှိ တရုတ်နိုင်ငံသားများ အပါအဝင် ကျောက်စိမ်းကျောက်မျက် လုပ်ငန်းရှင်များကို ဖမ်းဆီးခဲ့သေးသည်။
Mandalay Free Press - MFP
No comments:
Post a Comment