ဒီးမော့ဆိုတွင် ဇန်နဝါရီလ ၂၃ ရက် နံနက် ၈ နာရီမှ ည ၆ နာရီထိတိုက်ပွဲတစ်နေကုန်ဖြစ်ပွား၊ စစ်ကောင်စီတပ်က အပြစ်မဲ့ အရပ်သား ပြည်သူ ၂ ဦးအား သတ်ဖြတ်သွား
ကရင်နီပြည် ဒီးမော့ဆိုတွင် ဇန်နဝါရီလ ၂၃ ရက်တွင် နံနက် ၈ နာရီမှ ည ၆ နာရီတိုက်ပွဲတစ်နေကုန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု များခဲ့သည်ဟု KNDF က ယနေ့ ဇန်နဝါရီလ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။
ဇန်နဝါရီလ၂၃ ရက်တွင် ဒီးမော့ဆိုမြို့နယ်၊ စံပြ (၆) မိုင်ကျေးရွာအုပ်စု၊ ဟိုဖိတ်ကျေးရွာနှင့် စိုက်ကွင် (၂) ကျေးရွာတို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ စစ်ကြောင်းထိုးလာသဖြင့် နှစ်ဖက် ထိတွေ့တိုက်ပွဲ နံနက် (၈း၀၀)နာရီမှ ညနေ (၁၈း၀၀) နာရီအထိဖြစ်ပွားခဲ့သည်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများပြားခဲ့ပြီး တော်လှန်ရေး ရဲဘော်တစ်ဦး မစိုးရိမ်ရသော ဒဏ်ရာရခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဟိုဖိတ်၊သပြေတောနှင့် စိုက်ကွင်း (၂) ကျေးရွာအတွင်းရှိ နေအိမ်(၉)လုံးကိုမီးရှို့ဖျက်စီးခဲ့သည်။
ထို့အတူ ဇန်နဝါရီလ (၂၂) ရက်နေ့ မွန်းလွဲပိုင်းမှစ၍ ဟိုဖိတ်ကျေးရွာနှင့် သပြေတော ကျေးရွာအတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီတပ်မှ တိုက်ပွဲ ဖြစ်ပွားနေသော ကျေးရွာများအတွင်းရှိ ပြည်သူများကို ဖမ်းဆီးခဲ့ပြီး၊ (၂) ဦးကို သတ်ဖြတ်ခဲ့သည်။
အလားတူ ဇန်နဝါရီလ (၂၂) ရက်နေ့၊ မနက်ပိုင်း လွိုင်ကော်မြို့နယ်၊ မုံပြာရပ်ကွက် အနီးအတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များကို KNDFနှင့် PDF ပူးပေါင်းမဟာမိတ် အဖွဲ့တို့မှ ခုံခံတိုက်ခိုက်ခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် လွိုင်ကော်မြို့မှ စစ်ကြောင်းနှစ်ကြောင်းဖြင့် ဒီးမော့ဆိုမြို့နယ်၊နန်းမယ်ခုံဘက်သို့ စစ်ကြောင်းထိုး ဦးတည်လျက်ရှိသည်ဟု KNDF သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ဖော်ပြထားသည်။
သံလွင်ခက် - Than Lwin Khet News
No comments:
Post a Comment