မင်းဘူး၊ ဇန်နဝါရီ ၂၊ ၂၀၂၂။
မကွေးတိုင်း၊ မင်းဘူး-စကုမြို့နယ်၊ မင်းဘူးမြို့မုန်တောင်ရဲကင်းစခန်းမှာ ဇန်နဝါရီလ ၁ ရက် မနေ့ကညပိုင်းက ဗုံးပေါက်ကွဲ ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီစခန်းက ရဲတပ်သားတွေအနေနဲ့ အသက်မပြည့်သေးတဲ့ လူငယ်တွေကို မတရားဖမ်းဆီးပြီး ပိုက်ဆံတောင်းတာတွေ လုပ်တာကြောင့် အဝေးထိန်းဗုံးနဲ့ ဖောက်ခွဲသတိပေးလိုက်တာဖြစ်တယ်လို့ Minbu – Sagu Township People Defense Force – MSPDF တာဝန်ခံက ပြောပါတယ်။
“ မုန်တောင်ရဲကင်းစခန်းဝန်းထဲကို အဝေးထိန်းမိုင်းနဲ့ ခွဲခဲ့တာ၊ အသက်မပြည့်တဲ့ လူငယ်တွေကို မတရားဖမ်းဆီးပြီး ငွေညှစ်နေတဲ့အလုပ်တွေလုပ်နေလို့ ဗုံးပို့လိုက်တာပါ၊ ဒီထက်ပိုဆိုးလာရင်တော့ သူတို့မိသားစုတွေဆီလည်းပို့ရမှာဖြစ်တယ်၊“ လို့ သူကပြောပါတယ်။
ဒီဖောက်ခွဲမှုကို ဘီလူးစစ်ဆင်ရေးအထူးတပ်ဖွဲ့ဝင် ရဲဘော်တာနော်က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူရှိမရှိကိုတော့ မြေလတ်အသံအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီလက်အောက်ခံ ရဲ၊ စစ်သား၊ ပျူစောထီးဒလန်တွေနဲ့ ဝေးဝေးကနေကြဖို့ကိုလည်း MSPDF တာဝန်ခံက သတိပေးပြောကြားထားပါတယ်။
MSPDF အနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက် ညပိုင်းကလည်း စကုမြို့နယ်ရဲစခန်းကို ဗုံးနှစ်လုံးနဲ့ ဖောက်ခွဲ သတိပေးခဲ့တယ်လို့လည်း သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment