ပြည်သူ့စစ်ဖွဲ့ရန် ကြိုးစားနေသူအား သထုံမြို့ပြအထူးစစ်ဆင်ရေးအဖွဲ့ ကျည်တစ်တောင့်ဖြင့် သတိပေး


ဇန်နဝါရီ ၁၉ ရက်၊ ၂၀၂၂ ခုနှစ် 

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း၌ ပြည်သူ့စစ်ဖွဲ့စည်းရန်ကြိုးစားနေသူအား သထုံမြို့ပြအထူးစစ်ဆင်ရေးတပ်ဖွဲ့က ကျည်တစ်တောင့်နှင့် သတိပေးစာပို့၍ ကြိုတင်သတိပေးထားပြီးဖြစ်သည်ဟု အဆိုပါတပ်ဖွဲ့ဝင် တာဝန်ရှိသူက ပြောသည်။ 

သထုံမြို့နယ် ဒူးရင်ဆိပ်ကျေးရွာအုပ်စု  ကြာပန်းကျေးရွာတွင် နေထိုင်သော ဦးအောင်သိန်းသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းပြီး လောင်းကစားပေါင်းစုံနှင့် လိုင်းကြေးများကောက်ခံပြီး ကောက်ခံရရှိထားသောငွေများကို စစ်ကောင်စီတပ်အတွက် အထောက်အပံ့ဖြစ်စေရန် ငွေကြေးများကို ပေးအပ်နေသည်။ 

ထို့ပြင် လက်ရှိအာဏာသိမ်းကာလ၌  ပြည်သူများ ဖမ်းဆီးခံခဲ့ရမှုများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များအား သတင်းပေးခဲ့ပြီး ယခုနောက်ပိုင်းတွင် ပြည်သူ့စစ်ဖွဲ့ရန် လူငယ်များအား စည်းရုံးလုပ်ဆောင်နေလျက်ရှိနေသည်ဟု သိရသည်။ 


စစ်ကောင်စီတပ်သတင်းပေး ဒလန် ဦးအောင်သိန်းသည် လက်ရှိ စစ်ကောင်စီတပ်အား အထောက်အပံ့ဖြစ်စေပြီး ပြည်သူများအပေါ်ဘေးအန္တရာယ်ဖြစ်စေသည့် လုပ်ရပ်များမပြုလုပ်ရန် သထုံမြို့ပြ အထူးစစ်ဆင်ရေးအဖွဲ့က  ယခု ဇန်နဝါရီလကုန်ထိ နောက်ဆုံးအချိန်ပေး၍ သတိပေးထားသည်။

သတိပေးထားမှု လိုက်နာဆောင်ရွက်ခြင်းမရှိပါက သုတ်သင်ရှင်းလင်းသွားမည်ဟု အဆိုပါအဖွဲ့က ပြောသည်။ 

"သူက ဟိုးအရင်ထဲက ပြည်သူ့စစ်ခေါင်းဆောင် ။ ပြည်သူ့စစ်လုပ်ကတည်းကရွာသားတွေကို အနိုင်ကျင့်ထိုးကြိတ်တာတွေလုပ်တယ် "ဟု ဒေသခံတစ်ဦးက သံလွင်ခက်ကိုပြောသည်။

လက်ရှိတွင် ပြည်သူ့စစ်ခေါင်းဆောင်ဟောင်း ဒလန် ဦးအောင်သိန်းသည် ၎င်းနှင့်နီးစပ်သည့် လူငယ်များအား စည်းရုံးလှုံ့ဆော်၍ ပြည်သူ့စစ်အဖွဲ့ပြန်လည် ဖွဲ့စည်းရန် ကြိုးပမ်းနေသည်။ 

ဒလန် ဦးအောင်သိန်း၏ သားဖြစ်သူမှာလည်း မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချနေသူတစ်ဦးဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

သထုံမြို့အထူး စစ်ဆင်ရေးတပ်ဖွဲ့က ဒလန်ဦးအောင်သိန်း နှင့် ၎င်း၏ သားလုပ်ရပ်များကို အတိအကျသိရှိထားပြီး လုပ်ဆောင်နေမှုများ အားလုံးရပ်တန့်ရန်သတိပေးထားခြင်း ဖြစ်သည်။ 

သထုံမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်များနှင့် ဒေသခံ KNLA ပူးပေါင်းတပ်များ မကြာခဏတိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်များကို ပူးပေါင်းအင်အားဖြည့်တင်းနိုင်ရန် ဒလန် ဦးအောင်သိန်းကကြိုးစားနေခြင်းဖြစ်သည်။

ထို့ကြောင့် သထုံမြို့ပြအထူးစစ်ဆင်ရေးတပ်ဖွဲ့က ဒလန်ဦးအောင်သိန်း၏ လုပ်ရပ်များ၊ ၎င်းနှင့်ပတ်သက်သည့်လုပ်ငန်းကို အသေးစိတ်စုံစမ်းထား၍ ကြိုတင်သတိပေးထားခြင်း ဖြစ်သည်ဟု သိရသည်။ 

ထို့ပြင် သထုံမြို့တွင်း၌ စစ်ကောင်စီတပ်သတင်းပေးနှင့် စစ်ကောင်စီအကျိုးအတွက် လုပ်ပေးနေသူများအား အဆိုပါအဖွဲ့က စုံစမ်းနေပြီး နောက်ထပ် ဒလန်၂ ဦးရှိကြောင်း သိရှိထားရသော်လည်း ပိုမိုတိကျရန်လုပ်ဆောင်နေသည်ဟု သထုံမြို့ပြအထူးစစ်ဆင်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

သထုံမြို့နယ်အတွင်း၌ ကြိုသတိပေးမှုများကို မလိုက်နာသူ စစ်ကောင်စီတပ်အကျိုးပြု သတင်းပေး ဒလန် ၃ ဦးထက်မနည်းကို တော်လှန်ရေးတပ်ဖွဲ့များက သုတ်သင်ထားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။


သံလွင်ခက် - Than Lwin Khet News

ပြည်သူ့စစ်ဖွဲ့ရန် ကြိုးစားနေသူအား သထုံမြို့ပြအထူးစစ်ဆင်ရေးအဖွဲ့ ကျည်တစ်တောင့်ဖြင့် သတိပေး ပြည်သူ့စစ်ဖွဲ့ရန် ကြိုးစားနေသူအား သထုံမြို့ပြအထူးစစ်ဆင်ရေးအဖွဲ့ ကျည်တစ်တောင့်ဖြင့် သတိပေး Reviewed by THITHTOOLWIN on 22:00 Rating: 5

No comments:

Powered by Blogger.