မိုးဗြဲတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်ခဲ့သော အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်


မိုးဗြဲ - ဇန်နဝါရီ ၃၊ ၂၀၂၂။

စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ယနေ့နံနက် ခြောက်နာရီခန့်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှ အမျိုးသမီးတစ်ဦး စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း သိရသည်။

နေအိမ်တွင်နေထိုင်နေစဉ် လက်နက်ကြီးကျရောက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ခြင်းဖြစ်သည်ဟု မိုးဗြဲလူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ခါးနောက်ကျောနားမှာ ဒဏ်ရာရသွားတယ်။ နည်းနည်းတော့စိုးရိမ်မှုရှိပါတယ်။ သူ့နေအိမ်မှာပဲ ခေါင်မိုးကနေ ကျပြီး ထိမှန်သွားတာ။ ဆေးရုံကိုတော့ ပို့ထားတယ်။ ဒီမနက်က တိုက်ပွဲတော့မဖြစ်ဘူး။ တစ်ဖက်တည်းပဲ ပစ်ခတ်နေတယ်လို့ ပြောလို့ရတယ်”ဟု ပြောသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးသည် ယနေ့ နံနက် ခြောက်နာရီခန့်က ဟိုက်ကီကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးတွင် တစ်ကြိမ်နှင့် ကိုးနာရီတွင် ရွာအပြင်ရှိ ယာခင်းဘက်သို့ နှစ်ကြိမ်ကျခဲ့ကြောင်း သူကပြောသည်။

လက်နက်ကြီးကျရောက်မှုကြောင့် ဟိုက်ကီဒေသခံအချို့မှာ နီးစပ်ရာကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ်ရေးအရှိန်မြင့်လာမည့်အခြေအနေရှိလာသောကြောင့် ပြည်သူများ ခရီးသွားလာခြင်း မပြုရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) မှ ယမန်နေ့က ကြေညာချက်ထုတ်ပြန်ထားသည်။


The 74 Media 

မိုးဗြဲတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်ခဲ့သော အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန် မိုးဗြဲတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်ခဲ့သော အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန် Reviewed by THITHTOOLWIN on 19:49 Rating: 5

No comments:

Powered by Blogger.