မြင်းမူ ပဒတ္ထိုင်းရွာကို လေကြောင်းမှ ပစ်ခတ်စီးနင်းပြီးနောက် ဒေသခံ သုံးဦးကို သတ်ဖြတ်၊ဒေသခံ(၅၀)ခန့် ဖမ်းထာပြီး ထင်တိုင်းကျဲ မွှေနှောက်သောင်းကျန်း လုယက်နေ၊


ဇန်နဝါရီ - ၃၁

စစ်ကိုင်းတိုင်း မြင်းမူနှင့် အရာတော်မြို့နယ် အစပ်ရှိ ပဒတ္ထိုင်းရွာကို ယနေ့ နံနက်(၁၀)နာရီခန့်တွင် စစ်ကောင်စီက  ရဟတ်ယာဉ်များဖြင့် ဗုံးကျဲ ပစ်ခတ်ကာ စီးနင်းပြီးနောက် ဒေသခံ သုံးဦးကို ပစ်ခတ်သတ်ဖြတ်ကာ ကျေးရွာအတွင်း ထင်တိုင်းကျဲ မွှေနှောက်သောင်းကျန်း နေကြောင်း ဒေသခံများက MFP သို့ ပြောသည်။

“ပစ်သတ်တာ အခုလက်ရှိ သိရသလောက် သုံးဦး ရှိပါပြီ။ ဖမ်းထားတာက (၅၀)လောက် ရှိပါတယ်။ သက်ကြီးရွယ်အိုတွေရော၊ ကလေးတွေရော မိသားစုလိုက်တွေ ရွာက အ.ထ.က(၁) စာသင်ကျောင်းထဲ ဖမ်းထားပြီး နေလှမ်းထားတယ်။ သူတို့က ရွာထဲအကုန်ဝင်မွှေတာ ရှိတာအကုန်ယူပါတယ်” ဟု ဒေသခံတစ်ဦးက MFP သို့ ပြောသည်။

စကစများ ပစ်ခတ်သတ်ဖြတ်ခဲ့သူ သုံးဦးသည် အမျိုးသားများ ဖြစ်ကြောင်း၊ စစ်အုပ်စုက ကျေးရွာအတွင်း စီးနင်း ဝင်ရောက်ပြီးနောက် ရွာလယ်ပိုင်းနှင့် ရွာတောင်ပိုင်းရှိ ရေစဉ်ပေါ်တက်ကာ ထွက်ပြေးသူများကို မြင်မြင်သမျှ ပစ်သတ်နေသဖြင့် ထိခိုက်ဒဏ်ရာရသူများလည်း အများအပြားရှိကြောင်း အထက်ပါ ဒေသခံက ပြောသည်။

“ထွက်ပြေးရင် ပစ်သတ်တာ။ တစ်ယောက်ဆိုရင် လက်မောင်းရှပ်ထိတယ်။ ပြေးနေရတော့ အကုန်လုံးတော့ မသိရသေးဘူး။ စစ်ခွေးတွေက ရွာအရှေ့ဘက်က ရွှေစည်းခုံ ဘုန်းကြီးကျောင်းနဲ့ ရွာတောင်ဘက်က စာသင်ကျောင်းထဲ တပ်စွဲထားတာ အခုထိလည်း ရှိနေပါသေးတယ်” ဟု ဒေသခံက ပြောသည်။

မြင်းမူမြို့နယ် မြောက်ဘက်အစွန်ဆုံးတွင် ရှိသော ပဒတ္ထိုင်းးရွာကို ယနေ့ ဇန်နဝါရီ(၃၁)ရက်တွင် စစ်အုပ်စုက ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်ခြင်း ဖြစ်ကြောင်း၊ ထို့အပြင် ရဟတ်ယာဉ်ဖြင့် ပဒတ္ထိုင်းရွာနှင့် မြောက်ဘက်ကပ်လျက်ရှိ သမန်းတောရွာတွင် နှစ်နေရာခွဲကာ လူချပေးပြီးနောက် ယခုကဲ့သို့ ထင်တိုင်းကျဲ ပစ်ခတ်သတ်ဖြတ် သောင်းကျန်းနေခြင်း ဖြစ်သည်ဟု ဆိုသည်။

"ရဟတ်ယာဉ်နှစ်စီး လာတယ်။ Mi35 တစ်စီး ပါတယ်။ အဲဒါတွေနဲ့ ပစ်တယ်။ နမခ ကနေလည်း စစ်တပ်တွေ ရဟတ်ယာဉ်နဲ့ နှစ်ခေါက် ချသွားတယ်" ဟု ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံတစ်ဦးက MFP သို့ ပြောသည်။

ပဒတ္ထိုင်းရွာ အပြင်ဘက်တွင် PDF သင်တန်းဆင်းပွဲ ကျင်းပွဲနေသည့်အချိန် စစ်အုပ်စုက ကျေးရွာကို လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက် စီးနင်းကာ လုယက်သတ်ဖြတ် သောင်းကျန်းနေခြင်း ဖြစ်သည်ဟု ဆိုသည်။


Mandalay Free Press - MFP

မြင်းမူ ပဒတ္ထိုင်းရွာကို လေကြောင်းမှ ပစ်ခတ်စီးနင်းပြီးနောက် ဒေသခံ သုံးဦးကို သတ်ဖြတ်၊ဒေသခံ(၅၀)ခန့် ဖမ်းထာပြီး ထင်တိုင်းကျဲ မွှေနှောက်သောင်းကျန်း လုယက်နေ၊ မြင်းမူ ပဒတ္ထိုင်းရွာကို လေကြောင်းမှ ပစ်ခတ်စီးနင်းပြီးနောက် ဒေသခံ သုံးဦးကို သတ်ဖြတ်၊ဒေသခံ(၅၀)ခန့် ဖမ်းထာပြီး ထင်တိုင်းကျဲ မွှေနှောက်သောင်းကျန်း လုယက်နေ၊ Reviewed by THITHTOOLWIN on 21:48 Rating: 5

No comments:

Powered by Blogger.