ထီးချိုင့်နယ် ဧရာဝတီမြစ်အတွင်း ဆန်တက်နေသော စကစသင်္ဘောကို ပစ်ခတ်၊ မိုင်းဆွဲ၊ အကြမ်းဖက် စစ်အုပ်စုက ကမ်းပေါ်ရှိ ကျေးရွာများသို့ ပစ်ခတ်သဖြင့် ဒေသခံအချို့ လက်နက်ကြီးထိမှန်၊
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်နေသော စကစ သင်္ဘောများ/ Photo – CJ |
ဇန်နဝါရီ - ၂
အကြမ်းဖက် စစ်ကောင်စီ လက်နက်ကိုင်များ လိုက်ပါလာပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော သင်္ဘောကို ယနေ့ ညနေပိုင်းတွင် ထီးချိုင့်မြို့နယ်အတွင်း နှစ်နေရာ၌ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သလို မိုင်းများဖြင့်လည်း ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ထီးဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ယနေ့ ဇန်နဝါရီ(၂)ရက် နေ့လည်(၂)နာရီကျော်အချိန်တွင် မြစ်ကြောင်းအတိုင်း ဆန်တက်လာသော အကြမ်းဖက် စစ်ကောင်စီ သင်္ဘောကို ထီးချိုင့်မြို့နယ် တုံငယ်နှင့် ဘိုကုန်း ရွာအနီးတွင် ထီးဖြူပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ ပူးပေါင်းကာ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် ညနေ(၄)နာရီကျော်အချိန်တွင်လည်း အဆိုပါ စကစ သင်္ဘောကို ဆင်ကျွန်းသော်က ကျေးရွာအနီး၌ ထီးဖြူတပ်ဖွဲ့က ရှေ့ထွက်မိုင်း လေးလုံးဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် “ စစ်ခွေးများ အထိအခိုက် များနိုင်ပြီး အသေအပျောက်စာရင်း မသိရသေးပါ” ဟု ထီးဖြူ ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်သည်။
အဆိုပါ စကစ သင်္ဘောများသည် ၄င်းတို့ ပစ်ခတ်တိုက်ခိုက်ခံရချိန်တွင် ကမ်းပေါ်ရှိ ကျေးရွာများဘက်သို့ ချိန်ရွယ်ပစ်ခတ်ခဲ့ရာ ဒေသခံ အရပ်သားပြည်သူအချို့ လက်နက်ကြီးကျည် ထိမှန် သေဆုံးမှုများ ရှိသည်ဟု ထီးချိုင့်ဒေသ သတင်းမီဒီယာများက ဖော်ပြသည်။
“ဆင်ကျွန်း ရေလယ်ကျွန်းသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ရာ ပြည်သူများ၏ တဲ များ မီးလောင်ကျွမ်းမှု ရှိသည့်အပြင် ဆင်ကျွန်းရွာမှ အသက်(၂၀)အရွယ် လူငယ်တစ်ဦးကို ဦးခေါင်း ထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သတင်းရရှိပါသည်။ စစ်တန်းရွာသား တစ်ယောက်လည်း ပေါင်ထိမှန်သွားကြောင်း သတင်းရရှိ၊ အသက်အန္တရာယ်မစိုးရိမ်ရဟု ကနဦး သိရှိရ” ဟု ထီးချိုင့်ဒေသ ရွှေလီဧရာသတင်းက ဖော်ပြသည်။
ထိုှုအပြင် အကြမ်းဖက် စစ်အုပ်စုက ကမ်းပေါ်မှတဆင့် ကားများဖြင့် လှည့်ပတ်ကာ မြစ်ဆိပ်များကို စီးနင်းပြီး မော်တော်များကို ထွက်ခွင့်မပေးခြင်း၊ မြစ်အတွင်းမှ သင်္ဘောက ကမ်းပေါ်သို့ ပစ်ခတ်နေခြင်းများကြောင့် ဧရာဝတီမြစ်ကမ်းတလျှောက်ရှိ ဒေသခံများ သတိထားကြရန် ပြည်သူအချင်းချင်း သတိပေးလျှက်ရှိသည်။
“ကမ်းနဖူး ရွာများ သတိထားကြပါ။ ကမ်းနဖူးတောတန်းများတွင် ရောက်ရှိနေသော ပြည်သူများ သတင်းနားစွင့်၍ တိမ်းရှောင်ကြပါ။ ဆက်လက်၍ ကုန်းကြောင်းဖြင့် ရံတက်မည်ဟုလည်း သတင်းရထားပါသည်။ အထူးသဖြင့် ပစ်ခံနေကျနေရာများနှင့် မထင်ရင် မထင်သလို သင်္ဘောပေါ်မှ ရမ်းပစ်လေ့ရှိသော နေရာများ ပိုသတိထားကြပါ” ဟု ဒေသခံအချင်းချင်း သတိပေးသည်။
Mandalay Free Press - MFP
No comments:
Post a Comment