တနင်္သာရီတိုင်းမ်၊ ဒီဇင်ဘာ ၃၁
မြိတ်မြို့က ရှမ်းချောင်းဝန်ထမ်းရပ်ကွက်မှာ ကိုရဲကို ဆိုတဲ့ အမျိုးသားတစ်ဦးကို စစ်တပ်၊ ရဲနဲ့ မီးသတ်တွေဝိုင်းပြီးရိုက်သတ်ခဲ့တယ်လို့ အဲဒီရပ်ကွက်မှာနေထိုင်သူတွေကပြောပါတယ်။
ဒီဇင်ဘာလ ၂၆ ရက်ညက ကိုရဲကိုဟာ အရက်မူးပြီး ဇနီးဖြစ်သူနဲ့ရန်ဖြစ်ခဲ့ချိန်မှာ အနီးအနားနေထိုင်တဲ့စစ်မှုထမ်းဟောင်းတစ်ဦးက ဆူညံလို့ဆိုပြီး ရပ်ကွက်ရုံးကိုဖုန်းဆက်တိုင်ကြားခဲ့တယ်လို့ ရပ်ကွက်နေသူတွေကပြောပါတယ်။
ခဏအကြာမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာတပ်စွဲထားတဲ့ စစ်သားတွေ၊ ရဲတွေနဲ့ မီးသတ်တွေ အင်အားနှစ်ဆယ်ဝန်းကျင်နဲ့လာရောက်ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။
ကိုရဲကိုဟာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပေမယ့် နောက်တစ်နေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ သွားရောက်တောင်းပန်ပြီး အဖမ်းခံခဲ့တယ်လို့ ရပ်ကွက်နေသူတွေကပြောပါတယ်။
ဒီဇင်ဘာလ ၂၉ ရက်မှာ ကိုရဲကို ကို ဆေးရုံကိုတင်ဖို့ မိသားစုကိုအကြောင်းကြားလာခဲ့ပေမယ့် အဲဒီအချိန်မှာ သူဟာ သေဆုံးခဲ့ပြီးဖြစ်တယ်လို့ အဲဒီရပ်ကွက်မှာနေထိုင်သူတွေကဆိုပါတယ်။
ခန္ဓာကိုယ်မှာ ညိုမဲစွဲနေတဲ့ဒဏ်ရာတွေအပြင် ခြေသလုံးမှာ ဓားနဲ့ထိုးထားတဲ့ဒဏ်ရာတွေလည်းရှိနေတယ်လို့သိရပါတယ်။
ကိုရဲကို ကို ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်ရင်း လက်လွန်ပြီးသေဆုံးသွားတာဖြစ်နိုင်တယ်လို့ ရပ်ကွက်နေသူတွေကဆိုပါတယ်။
အသက် ၃၀ ဝန်းကျင်အရွယ် ကိုရဲကိုဟာ အနေအထိုင်အေးဆေးသူဖြစ်ပြီး လက်ဖက်ရည်ဆိုင်တွေကို မုန့်လိုက်ပို့တဲ့အလုပ် လုပ်ကိုင်နေသူဖြစ်တယ်လို့သိရပါတယ်။
ကိုရဲကိုမှာ ဇနီးနဲ့ ကလေးငယ်တစ်ဦးရှိတယ်လို့လည်းသိရပါတယ်။
The Tanintharyi Times
No comments:
Post a Comment