မပေါက်ကွဲသေးသော မိုင်းများလည်း တွေ့ရှီပြီး စစ်အုပ်စုက အနီးအနားရွာများကို ဝင်မွှေ၊
MFP ၊ ဇန်နဝါရီ - ၃
ရန်ကုန်- မန္တလေး အမြန်လမ်း မိုင်တိုင်(၃၄၂)အနီးတွင် မန္တလေးသို့ ဦးတည်မောင်းနှင်လာသော စစ်ကားများကို ယမန်နေ့က မိုင်းနှစ်ကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စကစများ အထိအခိုက် ရှိနိုင်ကြောင်း ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့ (KDDF)က သတင်းထုတ်ပြန်သည်။
ယမန်နေ့ ဇန်နဝါရီ(၂)ရက်က နေ့လည်(၂)နာရီဝန်းကျင်နှင့် ညနေ(၄)နာရီဝန်းကျင်တွင် ရန်ကုန်- မန္တလေး အမြန်လမ်း မိုင်တိုင် (၃၄၂)အနီး ဂုန်တောရိုး တံတားပေါ်တွင် စကစကားများကို မိုင်းနှစ်ကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု KDDF က ဆိုသည်။
“ရန်ကုန်၊ မန္တလေးအမြန်လမ်းအတိုင်း မန္တလေးသို့ ဦးတည်မောင်းနှင်လာသော စကစတပ် ကားများကို အမြန်လမ်း မိုင်တိုင်၃၄၂၊ ဂုန်တောရိုးတံတားပေါ်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်"ဟု KDDF က ဆိုသည်။
ဇန်နဝါရီ(၂)ရက်က နေ့လည်ပိုင်းက တံတားဦးမြို့နယ်၊ ရန်ကုန် -မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၃၄၁/၁)အနီး ဂုံတောရိုးချောင်း တံတားအနီးတွင် ချိန်ကို်က်မိုင်းတစ်လုံး ပေါက်ကဲဲွခဲ့ကြောင်း၊ ယင်းပေါက်ကွဲမှုကြောင့် စစ်အုပ်စုက ခရီးသွားကားများကိုပါ ရပ်တန့်၍ စစ်ဆေးခဲ့ရာ မပေါက်ကွဲသေးသော ချိန်ကိုက်မိုင်း ငါးလုံးပါ ထပ်မံတွေ့ရှိခဲ့သည်ဟု ဆိုသည်။ ထို့နောက် မပေါက်ကွဲသေးသော မိုင်းများကို အမှတ် (၉၁၀) စစ်မြေပြင် အင်ဂျင်နီယာတပ်က မိုင်းဖောက်ခွဲစက်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု စစ်ကောင်စီ အုပ်ချုပ်ရေးအသိုင်းအဝိုင်းနှင့် နီးစပ်သော MFP ၏ သတင်းရင်းမြစ်များက ပြောသည်။
အဆိုပါ မိုင်းပေါက်ကွဲမှုနှင့် ဆက်စပ်၍ စစ်အုပ်စုက အနီးအနား ကျေးရွာများဖြစ်သော ရွှေမိုးမြေကျေးရွာနှင့် မြင်စိုင်းကျေးရွာများအတွင်း စီးနင်းဝင်ရောက်ကာ စစ်မေးမှုများ လုပ်ဆောင်ခဲ့သလို PDF များကို လက်ခံပါက ဖမ်းဆီးမည်ဖြစ်သလို နေအိမ်နှင့် ပိုင်ဆိုင်မှုများကိုပါ သိမ်းဆည်းချိန်ပိတ်မည်ဟု ခြိမ်းခြောက်သွားကြောင်း ဒေသခံများက MFP သို့ ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ(၂)ရက်ကလည်း ရန်ကုန် - မန္တလေး အမြန်လမ်း တံတားဦးမြို့နယ် မိုင်တိုင် (၃၄၃)အနီးတွင် မန္တလေးဘက်သို့ ဦးတည်မောင်းနှင်လာသော စကစများ လိုက်ပါလာသည့် ကားတစ်စီးကို ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့ (K.D.D.F)နှင့် ကျောက်ဆည် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - PDF (Kyaukse) မဟာမိတ် ညီနောင် ပူးပေါင်းအဖွဲ့က မိုင်းခြောက်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။
Mandalay Free Press - MFP
No comments:
Post a Comment