ကာပေါင်းကျကျေးရွာကို မီးရှို့နေသော စစ်ကောင်စီတပ်ဖွဲ့ မိုင်း ၃ ကြိမ် ခွဲခံရပြီး ၇ ဦးသေဆုံး၊ အလောင်းများကို ရွာအတွင်း၌ပင် မီးရှို့
ဓါတ်ပုံ - အကြမ်းဖက်စစ်သားများ မီးရှို့ဖျက်ဆီးမှုကြောင့် ကာပေါင်းကျရွာအတွင်း မီးလောင်နေစဉ် |
တန့်ဆည်၊ ဇန်နဝါရီ ၂
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကာပေါင်းကျကျေးရွာတွင် တပ်စွဲကာ နေအိမ်များကို မီးတင်ရှို့နေသော စစ်ကောင်စီတပ်ဖွဲ့ ဇန်နဝါရီလ ၂ ရက် ယနေ့ မွန်းတည့်ချိန်တွင် တန့်ဆည် PDF တပ်ရင်း ၇ K.P.K နှင့် T.S.R အဖွဲ့တို့က မိုင်း ၃ လုံးခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးကြောင်းနှင့် စစ်သားအလောင်းများအား ရွာအတွင်း၌ပင် မီးပုံရှို့နေကြောင်း K.P.K အဖွဲ့ထံမှ သိရှိရသည်။
"အဝေးထိန်း မိုင်း ၃ လုံးခွဲတာ ၇ ယောက် သေတယ်၊ ကာပေါင်းကျ အရှေ့ပိုင်း ရွာလယ်မှာ ၁ လုံး၊ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းကြား ကျောင်းမကျောင်းနားမှာ ၂ လုံး ခွဲပြီး တိုက်ခိုက်တာ၊ လဲသွားတဲ့ကောင်တွေက သေနတ်တောင် ပြန်မပစ်နိုင်ဘူး၊ သေတဲ့စစ်သားတွေကို ရွာထဲမှာပဲ သူတို့က မီးပုံရှို့လိုက်တယ်" ဟု တန့်ဆည် PDF တပ်ရင်း ၇ တပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အတည်ပြုပြောဆိုသည်။
ယခုတိုက်ခိုက်မှုသည် ကျဆုံးရဲဘော် ကိုမျိုးချစ်ဆန်းအတွက် သွေးကြေးဆပ်ခြင်းဖြစ်ကြောင်း တန့်ဆည် PDF တပ်ရင်း ၇ ထံမှ သိရှိရသည်။
ကာပေါင်းကျရွာအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီက မီးရှို့ဖျက်ဆီးမှုကြောင့် ဆန်စက် ၁ လုံးအပါအဝင် နေအိမ် ၁၅ လုံးခန့် မီးလောင်ပျက်စီးထားပြီဖြစ်ကြောင်း တန့်ဆည် PDF တပ်ရင်း ၇ က ပြောသည်။
Yesagyo Township Info Committee
No comments:
Post a Comment