ကျောက်ခတ် စစ်ဘေးရှောင်စခန်းများနှင့်အနီး တွင် စစ်ကောင်စီတပ်များ တပ်စွဲထား၍ စစ်ဘေးရှောင်များ စိုးရိမ်ထိတ်လန့်ပြီး နေရာပြောင်းရွေ့နေကြရ


ဇန်နဝါရီ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။ 

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် မြဝတီ-ဝေါလေ လမ်းကြောင်းရှိ ကျောက်ခတ်ကျေးရွာနှင့်အနီး သုံးထပ်ကွေ့၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့်အတွက် စစ်ဘေးရှောင်များ စိုးရိမ်ထိတ်လန့်ပြီး နေရာပြောင်းရွေ့နေကြရသည်ဟု ဒေသခံများထံမှ သိရသည်။

မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်နှင့် လေးကေ့ကော်အနီးကျေးရွာများတွင်လည်း ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူများမှာ ကျောက်ခတ်ကျေးရွာများရှိ စစ်ရှောင်စခန်းများတွင် ခိုလှုံနေကြရသည်။

”မနေ့ကတည်းက စကစတွေ တက်လာခဲ့တာ အင်အားများတယ် ။ ဒီကနေ့ ကြားတာတော့ သူတို့တွေ သုံးထပ်ကွေ့အကျော်မှာတပ်စွဲထားပြီး  ဝင်လာမယ်လို့လည်းကြားတယ် ။ ပစ်မယ်လို့လည်းကြားထားတယ် "ဟု စစ်ရှောင်နေသူပြည်သူတစ်ဦးက သံလွင်ခက်ကိုပြောသည် ။

စစ်ကောင်စီတပ်မှ တပ်မ ၄၄ တပ်ဖွဲ့ဝင် အင်အား ၁၄၀ ကျော်တို့သည် ကျောက်ခက်စစ်ရှောင်စခန်းများရှိ CDM များကို ရှာဖွေဖမ်းဆီးရန် ယမန်နေ့ ဇန်နဝါရီ ၁၉ရက်က ဖလူးလေးကျေးရွာမှ ကျောက်ခတ်သို့ တက်လာခဲ့ရာ DKBA ဂိတ်က ဝင်ခွင့်မပြုသောကြောင့် ဝေါလေဘက်သို့ လမ်းကြောင်းပြောင်းခဲ့ရသည်။

ထို့သို့လမ်းကြောင်းပြောင်းခဲ့သော စစ်ကောင်စီတပ်များသည်  သုံးထပ်ကွေ့အကျော် သရက်တစ်ပင်ဘုရားနားအနီး၌ တပ်စွဲထားသောကြောင့် ဒေသခံ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA တပ်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွား လာမည်ကို စစ်ဘေးရှောင်များက စိုးရိမ်နေကြရသည်။

" စကစတွေလာပစ်မယ်ဆိုတော့ ရွာသားတွေလည်း စိတ်ပူနေကြတယ် ။ စစ်ဘေးရှောင်တွေလည်း စိတ်ပူနေကြတာပေါ့ "ဟု ဒေသခံတစ်ဦးက သံလွင်ခက်ကိုပြောသည်။

စစ်ကောင်စီတပ်များ ကျောက်ခတ်စစ်ရှောင်စခန်းများအတွင်းရှိ CDM များကို ရှာဖွေ ဖမ်းဆီးမည်ဆိုသည့်သတင်းနှင့် စစ်ကောင်စီတပ်များ သုံးထပ်ကွေ့၌ တပ်စွဲထားသောကြောင့် စစ်ဘေးရှောင်တချို့သည် ယမန်နေ့နှင့် ယနေ့တို့၌ သောင်ရင်းမြစ်ကိုဖြတ်၍ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကူးပြောင်းနေကြရသည်ဟု သိရသည်။

ထို့ပြင် ကျောက်ခက်စစ်ဘေးရှောင်စခန်းများ၌ ကျန်ရှိနေသော စစ်ဘေးရှောင်များနှင့် ရွာသားများမှာလည်း အထုပ်များပြင်ဆင်၍ အခြေအနေကို စောင့်ကြည့်နေကြရသည်။ 

ယခုလ ဇန်နဝါရီ ဒုတိယအပတ်တွင်းကလည်း ဖလူးလေးကျေးရွာ၌ စစ်ကောင်စီတပ်နှင့် ဒေသခံပူးပေါင်းတပ်များ ၄၊ ၅ ရက်ဆက်တိုက် တိုက်ပွားဖြစ်ပွားခဲ့ပြီးနောက် ဇန်နဝါရီလ ၁၄ ရက်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူနှင့် မြေပြင် ထိုးစစ်ဆင်မှုများကြောင့် စစ်ဘေးရှောင်များ ခိုလှုံနေရာ ဖလူးလေး DKBA ဗိုလ်စလုံးစခန်းကို ဒေသခံတပ်များက စွန့်ခွာခဲ့ကြရသည်။ 

စစ်ကောင်စီတပ်များသည် ဖလူးလေး DKBA ဗိုလ်စလုံးစခန်းကိုသိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဖလူးလေးမှ မြဝတီ-ဝေါလေ လမ်းကြောင်းအတိုင်း ကျောက်ခတ်ဘက်သို့ ယမန်နေ့ကစပြီး နေရာချဲ့ထွင် စစ်ကြောင်းထိုးလာနေခြင်းဖြစ်သည်။


သံလွင်ခက် - Than Lwin Khet News

ကျောက်ခတ် စစ်ဘေးရှောင်စခန်းများနှင့်အနီး တွင် စစ်ကောင်စီတပ်များ တပ်စွဲထား၍ စစ်ဘေးရှောင်များ စိုးရိမ်ထိတ်လန့်ပြီး နေရာပြောင်းရွေ့နေကြရ ကျောက်ခတ် စစ်ဘေးရှောင်စခန်းများနှင့်အနီး တွင် စစ်ကောင်စီတပ်များ တပ်စွဲထား၍ စစ်ဘေးရှောင်များ စိုးရိမ်ထိတ်လန့်ပြီး နေရာပြောင်းရွေ့နေကြရ Reviewed by THITHTOOLWIN on 19:16 Rating: 5

No comments:

Powered by Blogger.