Save the Children in Myanmar စီမံကိန်းများကို ယာယီရပ်ဆိုင်းထား

ဖရူဆိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ ပြည်သူများကို မီးရှို့သတ်ဖြတ်။

ဒီဇင်ဘာလ ၂၅ ရက်နေ့ ၊ ၂၀၂၁ ခုနစ်-  မြန်မာနိုင်ငံအရှေ့ခြမ်း၊ ကယားပြည်နယ်တွင် မြန်မာစစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အမျိုးသမီးများ၊ ကလေးများအပါအဝင်  အရပ်သားပြည်သူ ၃၈ ဦးထက်မနည်း မီးရှို့သတ်ဖြတ်ခံရမှုကို Save the Children အနေဖြင့် ပြစ်တင်ရှုတ်ချလိုက်သည်။ 

ကျွန်ုပ်တို့၏ ဝန်ထမ်းနှစ်ဦးသည် အနီးအနားရှိ ကျေးရွာတစ်ခုတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်အပြီး အားလပ်ရက်အတွက် နေအိမ်သို့ပြန်နေစဉ် ယင်းတိုက်ခိုက်မှု အဖြစ်အပျက်နှင့် ရင်ဆိုင်ကြုံတွေ့ရပြီး  ပျောက်ဆုံးလျက်ရှိသည်။ ကျွန်ုပ်တို့၏ ဝန်ထမ်းစီးနင်းသော မော်တော်ယာဉ်မှာလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း အတည်ပြုချက်ရရှိခဲ့သည်။ ယင်းဖြစ်စဉ်အတွင်း စစ်တပ်သည် ပြည်သူများအား အဓမ္မ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းနှင့် မီးရှို့ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု သတင်းများ ဖော်ပြချက်အရ ကြားသိခဲ့ရသည်။ ကျွန်ုပ်တို့ ဝန်ထမ်းများ၏ အသက်အန္တရာယ်သည်  လွန်စွာမှ စိုးရိမ်နေရပြီး ကျွန်ုပ်တို့သည် အဆိုပါဝန်ထမ်းများ၏ မိသားစုဝင်များနှင့်လည်း အဆက်အသွယ်ထားရှိနေပါသည်။ 

Save the Children ၏ အမှုဆောင်ချုပ် (Chief Executive)  ဖြစ်သည့် Inger Ashing က ပြောကြားခဲ့သည်မှာ -

“နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်သည့် ဤအကြမ်းဖက်လုပ်ရပ်ကို ကျွန်မတို့အနေဖြင့် ပြင်းထန်စွာရှုတ်ချကြောင်း ထပ်လောင်းအသိပေးလိုပါတယ်။ အပြစ်မဲ့ ပြည်သူများနှင့် မြန်မာနိုင်ငံတစ်ဝန်း အကူအညီလိုအပ်လျက်ရှိသည့် သန်းပေါင်းများစွာသော ကလေးသူငယ်များအား ကူညီပံ့ပိုးရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့် ကျွန်မတို့ ဝန်ထမ်းများအား ဤသို့အကြမ်းဖက်ကျူးလွန်မှုအပေါ် လွန်စွာမှ ထိတ်လန့်အံ့ဩတုန်လှုပ်မိပါတယ်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍  အသေးစိတ်စုံစမ်းစစ်ဆေးလျက် ရှိနေပြီး  အကူအညီပေးရေးဝန်ထမ်းများအား တိုက်ခိုက်ခြင်းသည် မည်သို့မျှလက်ခံနိုင်ဖွယ်မဟုတ်ပါ။”

Save the Children သည် မြန်မာနိုင်ငံတွင် ၁၉၉၅ ခုနစ်မှ စတင်ကာ ကျန်းမာရေး၊ အာဟာရ ၊ ပညာရေးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး စီမံချက်လုပ်ငန်းများကို မိတ်ဖက်အဖွဲ့အစည်းပေါင်း ၅၀ ကျော်နှင့် ဝန်ထမ်းပေါင်း ၉၀၀ ကျော်တို့ဖြင့် နိုင်ငံနှင့်အဝှမ်းတွင် လုပ်ကိုင်လျက်ရှိပါသည်။ ယခုအဖြစ်အပျက်ကြောင့် ကျွန်ုပ်တို့၏ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးရှိ ဒေသအချို့နှင့် ကရင်ပြည်နယ်ရှိ စီမံကိန်းများကို ယာယီရပ်ဆိုင်းထားသည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံအတွင်းရှိ အလိုအပ်ဆုံးသော အထူးသဖြင့် ယခုကဲ့သို့ တိုက်ပွဲများနှင့် အကျပ်အတည်းကာလတွင် ကလေးသူငယ်များအတွက် အကူအညီပေးရေးကတိကဝတ်ကို ဆက်လက်ထိန်းသိမ်းရန် လုပ်ဆောင်သွားမည်ဖြစ်သည်။ 

Save the Children in Myanmar 

Save the Children in Myanmar စီမံကိန်းများကို ယာယီရပ်ဆိုင်းထား  Save the Children in Myanmar  စီမံကိန်းများကို ယာယီရပ်ဆိုင်းထား Reviewed by THITHTOOLWIN on 07:13 Rating: 5

No comments:

Powered by Blogger.