အဆိုပါ စစ်ကားများကို တော်ဝင်လင်းယုန်တပ်ဖွဲ့ကလည်း မိုင်း(၁၁)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်၊
MFP ၊ ဒီဇင်ဘာ - ၂၉
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ နဂါးမတောင်ရွာအနီးတွင် ယနေ့ နေ့လည်ပိုင်းက စစ်ကား အစီး (၄၀)ကျော်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး မိနစ်(၂၀)ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စကစ ကိုးဦး သေကြောင်း ပြည်သူ့တော်လှန်ရေး တပ်မတော် (PRA) က သတင်းထုတ်ပြန်သည်။
ယနေ့ ဒီဇင်ဘာ(၂၉)ရက် နေ့လည်(၂)နာရီခန့်က ၊ပုလဲမြို့နယ်၊ နဂါးမတောင်ရွာ အနောက်ဘက်တွင် စစ်ကား အစီး(၄၀)ကျော်ရှိ စကစများကို ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA) တပ်ခွဲ(၉) မှ ဗိုလ်ဂျိုဝါး ၊ တပ်ခွဲ(၁၄) မှ ဗိုလ်ငတေ အဖွဲ့များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး မိနစ်(၂၀) ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
"ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခက်ချိန် မိနစ်(၂၀)ကြာမြင့်ခဲ့ပါတယ်။ စကစ ကိုးဦး သေပြီး အများအပြား ထိခိုက်ဒဏ်ရာရပါတယ်" ဟု PRA တပ်ဖွဲ့မှ ဗိုလ်ဂျပန်က ပြောသည်။
အဆိုပါ စစ်ယာဉ်တန်းသည် မကွေးတိုင်း၊ ကျောမြို့(ကပစ-၂၃)မှ ထွက်ခွာလာချိန် ဒီဇင်ဘာ(၂၇)ရက်ကလည်း PRA တပ်ဖွဲ့၊ တပ်ခွဲ(၂)နှင့် တပ်ခွဲ(၁၇)က တိုက်ခိုက်ခဲ့ရာ စကစ ခုနှစ်ဦး သေသည်ဟု ဆိုသည်။
အဆိုပါ တိုက်ပွဲတွင် တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြောင်း ဗိုလ်ဂျပန်က ဆိုသည်။
တချိန်တည်းမှာပင် ယနေ့ နေ့လည်(၂)နာရီခွဲတွင် ပုလဲမြို့နယ် ၊ နဂါးမတောင်အနောက်ဘက်၌ အဆိုပါ စစ်ကောင်စီများကို ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပ.က.ဖ တပ်ရင်း လက်အောက်ခံ တော်ဝင်လင်းယုန် တပ်ခွဲ (၃)က မိုင်း(၁၁)လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစများ အသေများမည်ဟု ပုလဲ ပ.က.ဖ တော်ဝင်လင်းယုန် တပ်ဖွဲ့ (၃)က ထုတ်ပြန်သည်။
လက်ရှိတွင် စစ်ကောင်စီက စစ်ယာသ်တန်းဖြင့် ပုလဲနယ်အတွင်း ထိုးစစ်ဆင်နေပြီး နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဌာနချုပ် - Pale PDF Headquarters က သတင်းထုတ်ပြန်သည်။
ထို့အတွက် မိဘပြည်သူများအနေဖြင့် အဆိုပါ စစ်ယာဉ်တန်း ပုလဲနယ်မှ မထွက်ခွာမီအချိန်အထိ ပုလဲ-ဂန့်ဂေါလမ်းကို အသုံးပြုသွားခြင်း မပြုကြရန်၊ မဖြစ်မနေ အသုံးပြု သွားလာရမည် ဆိုလျှင်လည်း သက်ဆိုင်ရာသို့ ဆက်သွယ်အကြောင်းကြား သွားလာကြရန် အထူးမေတ္တာရပ်ခံ သတိပေးကြောင်း ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဌာနချုပ် - Pale PDF Headquarters က ထုတ်ပြန်ထားသည်။
Mandalay Free Press - MFP
No comments:
Post a Comment