PDF ဟု စွပ်စွဲဖမ်းဆီးခံရသော စဉ့်ကိုင်မှ လူငယ်တစ်ဦး အဖမ်းခံရပြီး သုံးနာရီခန့် အကြာတွင် သေဆုံး၊ ထွက်ပြေးရန် ကြိုးစားရာမှ ချော်လဲသေဆုံးဟု စကစဘက်က သတင်းဖြန့်

အဖမ်းခံရပြီး နာရီပိုင်းအကြာ စကစများ လက်တွင် သေဆုံးခဲ့သူ ဝက်ကလေး ခေါ် ကိုဖြိုးမောင်ရဲ / Photo - ပေးပို့

MFP ၊ ဒီဇင်ဘာ - ၂

မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ် ကသဲကျေးရွာနေ လူငယ်တစ်ဦးကို PDF တပ်ဖွဲ့ဝင်ဟု စွပ်စွဲကာ စစ်ကောင်စီက ဒီဇင်ဘာ(၁)ရက် နေ့လည်ပိုင်းတွင် အကြမ်းဖက် ဖမ်းဆီးသွားပြီးနောက် နာရီပိုင်းအကြာတွင် စစ်ကြောရေးစခန်း၌ ချော်လဲ သေဆုံးသည်ဟု မိသားစုထံ အကြောင်းကြားကြောင်း နီးစပ်သူများက MFP သို့ ပြောသည်။

စဉ့်ကိုင်မြို့နယ် ကသဲကျေးရွာနေ လက်ဖက်ရည်ဆိုင်ပိုင်ရှင် အသက်(၂၅)နှစ်အရွယ် ဝက်ကလေး ခေါ် ကိုဖြိုးမောင်ရဲကို စစ်ကောင်စီ လက်နက်ကိုင်များက ဒီဇင်ဘာ(၁)ရက် နေ့လည်(၁၂)နာရီဝန်းကျင်တွင် ဆိုင်အတွင်း ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်၍ အကြမ်းဖက် ဖမ်းဆီးသွားခဲ့သည်ဟု နီးစပ်သူများက ဆိုသည်။ ၄င်းသည် PDF တပ်ဖွဲ့ဝင် တစ်ဦးဖြစ်သလို LPDF များကို ကူညီထောက်ပံ့နေသူဟု စွပ်စွဲကာ ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ဆိုသည်။

ထို့နောက် ညနေ(၃)နာရီကျော်အချိန်တွင် ဝက်ကလေး ခေါ် ကိုဖြိုးမောင်ရဲသည် စစ်ဆေးရေးစခန်းမှ ထွက်ပြေးရန် ကြိုးစားရာမှ ချော်လဲကာ ထိခိုက်ဒဏ်ရာများ ရရှိပြီး သေဆုံးသည်ဟု စစ်ကောင်စီဘက်က သတင်းဖြန့်ကြောင်း နီးစပ်သူများက ဆိုသည်။

"ဘယ်ကသာ ထွက်ပြေးရမှာလဲ။ လက်ဖက်ရည်ဆိုင်ထဲမှာ ကတည်းက ဖမ်းတော့ ခြေထောက်ကို သေနတ်နဲ့ ပစ်ဖမ်းတာပါ" ဟု နီးစပ်သူ တစ်ဦးက MFP သို့ ပြောသည်။

ဝက်ကလေး ခေါ် ကိုဖြိုးမောင်ရဲသည် စစ်ကောင်စီ စွပ်စွဲသလို PDF ရဲဘော် မဟုတ်ဘဲ သာမန် ပြည်သူတစ်ဦးသာ ဖြစ်ပြီး စစ်အုပ်စုက အရပ်သား ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းသာ ဖြစ်သည်ဟု စဥ့်ကိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF က ပြောသည်။

"ကျွန်တော်တို့ ဒီကောင်လေးကို မသိသလို ကျွန်တော်တို့ ရဲဘော်လည်း မဟုတ်ပါဘူး။ မနေ့က ဖမ်းခံရပြီး သိပ်မကြာဘူး သေဆုံးသွားတယ်လို့ သိရပါတယ်။ ဒါက ပြည်သူတစ်ယောက်ကို မတရား အကြမ်းဖက် ဖမ်းဆီးတာပါ " ဟု စဉ့်ကိုင် PDF ရဲဘော်တစ်ဦးက MFP သို့ ပြောသည်။

ဝက်ကလေး ခေါ် ကိုဖြိုးမောင်ရဲ သေဆုံးမှုနှင့် ပတ်သက်၍ ၄င်းကို စဉ့်ကိုင်မြို့နယ်၊ ဖလံဘိုကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနတွင် ထိန်းသိမ်းထားကာ စစ်ဆေးနေကြောင်း၊ နေ့လည်(၃)နာရီခွဲတွင် လုံခြုံရေးကင်းစခန်းရှိ အိမ်သာသို့သွားစဉ် တွန်းထိုးထွက်ပြေးသဖြင့် စစ်ကောင်စီ လက်နက်ကိုင်တစ်ဦးက လုံးထွေးသတ်ပုတ် ဖမ်းဆီးရာမှ မှောက်လျက်လဲကျကာ  သတိလစ်သွားသဖြင့် စဉ့်ကိုင်ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးကြောင်း စစ်ကောင်စီဘက်က သတင်းဖြန့်သည်။

အာဏာသိမ်းပြီး (၁၀)လအတွင်း နိုင်ငံတဝန်း အာဏာသိမ်း စစ်ကောင်စီ လက်ချက်ဖြင့် ကျဆုံးသူ (၁၃၀၀)ဦး ရှိကြောင်းနှင့် အာဏာသိမ်း စစ်ကောင်စီ၏ ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသူ (၇၆၆၈) ဦးရှိကြောင်း  နိုင်င့ရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

Mandalay Free Press - MFP

PDF ဟု စွပ်စွဲဖမ်းဆီးခံရသော စဉ့်ကိုင်မှ လူငယ်တစ်ဦး အဖမ်းခံရပြီး သုံးနာရီခန့် အကြာတွင် သေဆုံး၊ ထွက်ပြေးရန် ကြိုးစားရာမှ ချော်လဲသေဆုံးဟု စကစဘက်က သတင်းဖြန့် PDF ဟု စွပ်စွဲဖမ်းဆီးခံရသော စဉ့်ကိုင်မှ လူငယ်တစ်ဦး အဖမ်းခံရပြီး သုံးနာရီခန့် အကြာတွင် သေဆုံး၊ ထွက်ပြေးရန် ကြိုးစားရာမှ ချော်လဲသေဆုံးဟု စကစဘက်က သတင်းဖြန့် Reviewed by THITHTOOLWIN on 17:08 Rating: 5

No comments:

Powered by Blogger.