ရန်ကုန်၊ ဒီဇင်ဘာ ၁၄
ရန်ကုန်တိုင်း မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်မှ ပြန်လာသည့် စစ်ကောင်စီ လက်ပါးစေ ရန်ကုန်တိုင်း ဝန်ကြီးနှစ်ဦး၏ ယာဥ်တန်းကို ယနေ့ (ဒီဇင်ဘာ ၁၄ ရက်) နေ့လယ်ပိုင်းတွင် မှော်ဘီမြို့ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (မှော်ဘီ PDF) က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
နေ့လယ် ၁ နာရီခွဲဝန်းကျင်တွင် ရန်ကုန်တိုင်း အစိုးရ ရင်းနှီးမြှပ်နှံမှု ဝန်ကြီးနှင့် လျှပ်စစ်ဝန်ကြီးတို့ မြောင်းတကာ စက်မှုဇုံအတွင်း ကွင်းဆင်းလေ့လာမှုအပြီး ပြန်လာသည့် ယာဥ်တန်းကို မှော်ဘီမြို့ မြို့ချောင်းလမ်းဆုံ ဆောက် လက်စ တိုးဂိတ်အနီး၌ မှော်ဘီ PDF နှင့် မှော်ဘီရင်သွေးတပ် (Hmawbi Youths Army ) တို့က ပူးပေါင်း၍ အဝေးထိန်းစနစ်ဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မှော်ဘီမြို့ အထွက် ပြည်လမ်းမပေါ်၌ အကြမ်းဖက်စစ်ကောင်စီက လမ်းများပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံတချို့က ပြောသည်။
" အခု စစ်သားတွေ အများကြီးပဲ လမ်းတွေပိတ်ပြီး စစ်ဆေးမှုတွေ လုပ်နေကြတယ်။ မြောင်းတကာက စက်ရုံပြန် တဲ့ကားတွေတောင် လမ်းပိတ်နေကြတယ် " ဟု မှော်ဘီမြို့ခံတစ်ဦးက လူငယ့်ခေတ်ကို ပြောသည်။
အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဝင်တချို့ ထိခိုက် ဒဏ်ရာရရှိနိုင်ကြောင်း ဖော်ပြထားသော်လည်း လူငယ့်ခေတ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
Lu Nge Khit / လူငယ့်ခေတ်
No comments:
Post a Comment